နယ်သတင်းများ သတင်းကဏ္ဍ

ရှမ်းပြည်နယ်တွင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း အဖြစ် ဌာနဆိုင်ရာများက ကျေးရွာများအရောက် ရွေ့လျားဝန်ဆောင်မှု OSS Mobile Service Delivery ဆောင်ရွက်

ရှမ်းပြည်နယ်တွင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း အဖြစ် ဌာနဆိုင်ရာများက ကျေးရွာများအရောက် ရွေ့လျားဝန်ဆောင်မှု OSS Mobile Service Delivery ဆောင်ရွက်ခြင်းကို ဆီဆိုင်မြို့နယ်၊ တဘက်ကျေးရွာအုပ်စု၊ပန်ကန်းကျေးရွာ၌ မေလ ၂၃ ရက်နေ့က ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ပြည်နယ်ဝန်ကြီးချုပ်၊ဒေါက်တာလင်းထွဋ်၊စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး၊ဦးစိုင်းလုံကျော်၊လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ဗိုလ်မှူးကြီးလှဦး၊ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ဒေသဦးစီးဥက္ကဌ၊ဦးခွန်စံလွင် နှင့် တာဝန်ရှိသူများ က ကြည့်ရှု အားပေးကြပြီး လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။

အဆိုပါ ရွေ့လျားဝန်ဆောင်မှု တွင် ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် တောင်သူများ၏အခက်အခဲနှင့်ပြဿနာများအားမေးမြန်းပြီးလိုအပ်ပါကချက်ချင်းကွင်းထဲအရောက်ဝန်ထမ်းများစေလွှတ်ဖြေရှင်းပေးခြင်း၊မြေချဉ်ငံဓါတ်တိုင်းတာပေးခြင်း၊မျိုးကောင်းမျိုးသန့်များရရှိရေးချက်ချင်းချိတ်ဆက်ဆောင်ရွက်ပေးခြင်း၊ပိုးမွှားရောဂါကျရောက်နေမှုရှိပါက ဝန်ထမ်းများအား ချက်ချင်းကွင်းဆင်းဆောင်ရွက်စေခြင်း၊သီးနှံအလိုက်GAPလျောက်ထားလိုသူမျာအားGAPလျောက်လွှာပုံစံများဖြန့်ဝေပေးခြင်း၊GAPလျောက်ထားသူများလက်ဝယ်ထားရှိရမည့်တောင်သူမှတ်တမ်းစာအုပ်များဖြန့်ဝေပေးပြီးလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့်မှတ်တမ်းရေးသွင်းရမည့်ပုံစံများအားရှင်းလင်းပြသခြင်း၊စိုက်ပျိုးရေးဆိုင်ရာနည်းပညာများအားမြန်မာဘာသာ၊ပအို့ဝ်ဘာသာ၊ရှမ်းဘာသာစကားစသည်ဖြင့်ဒေသစကားကျွမ်းကျင်သောစိုက်ပျိုးရေးဝန်ထမ်းများဖြင့်ရှင်းလင်းပညာပေးဆောင်ရွက်စေခြင်းများ ဝန်ဆောင်မှုပေးခဲ့ကြောင်းသိရသည်။

” ဌာနပေါင်းစုံ နဲ့က တော့ အခက်အခဲပြဿနာ၊လုပ်ငန်းအပေါ်မူတည်ပြီး တစ်နေရာကို တစ်ရက်ကနေပြီးသုံးရက်လောက်အထိ ဆောင်ရွက်ပေးရပါတယ်။ စိုက်ပျိုးရေးဌာနအနေနဲ့တော့ ကျေးရွာတွေမှာ နည်းပညာပေး လုပ်ငန်းစဉ်တွေကိုစဉ်ဆက်မပြတ်ဆောင်ရွက်ပေးနေပါတယ်။ဝန်ထမ်းအင်အားအနေနဲ့အရေးကြီးရင်ကြီးသလိုစီမံခန့်ခွဲပြီးဆောင်ရွက်နေပါတယ်။ကျေးရွာအုပ်စုအလိုက်ကွင်းဝန်ထမ်းတွေအနေနဲ့စဉ်ဆက်မပြတ်ကွင်းဆင်းဆောင်ရွက်ပေးနေပါတယ်။တောင်သူများအတွက်မျိုးကောင်းမျိုးသန့်များချိတ်ဆက်မှာယူဆောင်ရွက်ပေးတာတွေ၊မြေဆီလွှာဓါတ်ခွဲစစ်ဆေးခြင်းလုပ်ငန်းတွေ ဆောင်ရွက်ပေးနေသလို ၊pHမြေချဉ်ငံဓါတ်များတိုင်းတာပေးတာတွေ ၊ GAP ကဲ့သို့ ကျင့်သုံးဆောင်ရွက်သင့်တဲ့ နည်းပညာတွေ၊ ရိတ်သိမ်းချိန်လွန်ဆိုင်ရာ နည်းပညာတွေကို တောင်သူတွေကို ရှင်းလင်းပြောပြပြီးဆောင်ရွက်စေပါတယ်၊FAWငမြောင်တောင်ကျရောက်မှုများအားချက်ချင်းကွင်းဆင်းပြီးကာကွယ်နှိမ်နင်းမှုများအားတောင်သူများနှင့်ပူးပေါင်းပြီးဆောင်ရွက်ပေးရပါတယ်” ဟု ၊တောင်ကြီးခရိုင်ဦးစီးမှူး၊ ဦးဇော်ဝင်းထွန်း၊လက်ထောက်ညွှန်ကြားရေးမှူး က ပြောသည်။

ရှမ်းပြည်နယ်၊တောင်ကြီးခရိုင်အတွင်းမှာမြို့နယ်၁ဝမြို့နယ်ရှိပြီး မြို့နယ်အလိုက်ဌာနပေါင်းစုံနဲ့OSSရွေ့လျားဝန်ဆောင်မှုတွေမြို့နယ်တိုင်းစဉ်ဆက်မပြတ်ဆောင်ရွက်နေခြင်းဖြစ်သည်။မြို့နယ်တိုင်း၏ နေရာအများစုမှာ OSS လုပ်ငန်းများဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကာ ကျန်နေသေးတဲ့နေရာတွေကိုလည်း ဆက်တိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တောင်ကြီးခရိုင်စိုက်ပျိုးရေးရုံးက သိရှိရသည်။