လယ်-စီ-စာရင်း ဦးစီးဌာနသတင်းများ

ရယူထားတဲ့ မြေတွေနဲ့ပတ်သက်ပြီး အသုံးပြုမှုကို အစိုးရကသိအောင် လုပ်ရမယ့်အနေအထားတွေရှိ

၂၀၁၈ ခုနှစ်တွင်ပြင်ဆင်ခဲ့သည့် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေအရ လက်ရှိကျင့်သုံးဆောင်ရွက်နေသော မြေယာမူဝါဒများနှင့်စပ်လျဉ်း၍ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးနှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြအပ်ပါသည်။

မေး။ ။ ၂၀၁၈ ခုနှစ်တွင် ပြင်ဆင်ခဲ့သည့်
မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေရဲ့ အားသာချက်တွေကို ရှင်းပြပေးစေလိုပါတယ်။

ဖြေ။ ။ ၂၀၁၈ ခုနှစ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ပြင်ဆင်တဲ့ ဥပဒေကို ပြီးခဲ့တဲ့နှစ် ၁၁ လပိုင်းမှာ စတင်ပြီး တော့ ပြဋ္ဌာန်းပေးနိုင်ခဲ့ပါတယ်။ ဥပဒေရဲ့ အဓိကအားသာချက်က တိုင်းရင်းသား လူမျိုး ၁၃၅ မျိုးအားလုံးရဲ့ ဓလေ့ထုံးစံအရ အသုံးပြု ထားတဲ့ မြေတွေအားလုံး၊ နောက်သူတို့ရဲ့ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ လမ်းပန်း ဆက်သွယ်ရေးအတွက် သုံးတဲ့မြေတွေ အားလုံးကို ဒီဥပဒေကနေပြီးတော့ နုတ်ပယ် လိုက်တဲ့ အနေအထား၊ မြေလွတ်၊ မြေရိုင်း စာရင်းကနေ နုတ်ပယ်လိုက်တဲ့ အနေအထား ကို ဒီဥပဒေမှာ အသားပေးပြီးတော့ ပြဋ္ဌာန်း ထားတာဖြစ်ပါတယ်။

နောက်ပြီး လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ချထားရတဲ့ အနေအထားနဲ့ ပတ်သက်ပြီး တော့လည်း ယခင်တုန်းက တိုင်းဒေသကြီးနှင့် ပြည်နယ် လုပ်ငန်းအဖွဲ့မှာ အဓိက ဧက ၅၀ အထိပဲ လုပ်ပိုင်ခွင့် ပေးထားရာကနေပြီးတော့ အခု စိုက်ပျိုးရေးအတွက် ဧက ၃၀၀၊ မွေးမြူ ရေးအတွက် ဧက ၅၀ အထိ တိုးပြီး လုပ်ပိုင် ခွင့်ပိုမိုပြီး ချပေးတာဖြစ်ကြောင်း ရှင်းလင်း တင်ပြလိုပါတယ်။

မေး။ ။ အများပြည်သူတွေ ပူပန်နေကြတဲ့ ဥပဒေပုဒ်မ ၂၂(ခ) (၂)ပါ ၆ လ အတွင်း လျှောက်ထားရမယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း သိလိုပါတယ်။

ဖြေ။ ။ ဒီ ခြောက်လအတွင်းဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့ကတော့ လက်ရှိအနေ အထားမှာ လျှောက်လွှာပေါင်း လေးသိန်း လောက် လက်ခံရရှိပါတယ်။ ဒီခြောက်လ အတွင်းမှာတော့ စတင်လျှောက်ထားတဲ့ လျှောက်လွှာနဲ့ ပတ်သက်ပြီးတော့ စိစစ်မှုတွေ စတင် ဆောင်ရွက်နေပါတယ်။ ခြောက်လ ကျော်လွန်သွားခဲ့ရင်လည်း ဆက်ပြီးလျှောက် ခွင့်ရှိမှာပါ။ တစ်ခါတည်းပဲ ဒီဥပဒေအရ အရေးယူသွားမယ်ဆိုတဲ့ ကောလာဟလ သတင်းတွေကတော့ မှန်ကန်မှုမရှိပါဘူး။ တကယ်လို့ ဒီလိုမျိုး ခြောက်လအတွင်းမှာ လျှောက်ထားမှုမရှိဘဲနဲ့ အသုံးပြုထားတယ်ဆို တဲ့ အနေအထားမျိုး သတင်းပို့ချက်ရရှိရင် လည်း ကျွန်တော်တို့ဌာနက ဝန်ထမ်းတွေ အနေနဲ့ရော၊ သက်ဆိုင်ရာအဖွဲ့အစည်းအဆင့် ဆင့်က စစ်ဆေးပြီးတော့ မှန်ကန်တယ်ဆိုရင် သူတို့ကို ဒါနဲ့ပတ်သက်ပြီးတော့ လျှောက်ထား ဖို့နဲ့ မလျှောက်ထားဘူးဆိုရင် ထွက်ခွာဖို့ဆို တာ သတိပေးစာထုတ်မှာပါ။ တစ်ကြိမ်ပေး မယ်၊ နှစ်ကြိမ်ပေးမယ်၊ သုံးကြိမ်အထိ သတိ ပေးပြီး လိုက်နာဆောင်ရွက်မှု မရှိဘူးဆိုရင် ဥပဒေပါအတိုင်း ဆက်လက်ဆောင်ရွက် ရမယ့် အနေအထားဖြစ်ပါတယ်။

အဓိကကတော့ ခွင့်ပြုချက်မရဘဲနဲ့ အသုံးပြုထားတဲ့မြေကို အသုံးပြုထားတဲ့ သူတွေကို ပိုင်ဆိုင်မှုဖြစ်စေချင်တဲ့အတွက် ကြောင့် လုပ်တဲ့အနေအထားဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ မြေလွတ်၊ မြေရိုင်းတွေ အများကြီးရှိပါတယ်။ တစ်နိုင်ငံလုံးမှာ မြေ ဧရိယာပေါင်း ၁၆၇ သန်းကျော်ရှိတဲ့ အထဲမှာ မြေလွတ်၊ မြေရိုင်း ဧကပေါင်းက ၄၅ သန်းနဲ့ သန်း ၅၀ ကြားမှာ ရှိပါတယ်။ ဒီမြေတွေမှာ လည်း အခုလို တရားမဝင် သူတို့ဟာသူတို့ လုပ်နေတဲ့ အနေအထားတွေလည်းရှိပါတယ်။ ဒီမြေတွေကို ကျွန်တော်တို့က ပိုင်ဆိုင်ခွင့်ပေး စေလိုတဲ့အတွက်ကြောင့် လုပ်တဲ့အနေအထား ဖြစ်တာကို ရှင်းလင်းတင်ပြလိုပါတယ်။

မေး။ ။ ပုဒ်မ ၃၀ (ခ)နဲ့ (ဂ)ပါ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာအရ သတ်မှတ်မြေများ၊ အများပြည်သူနဲ့ တိုင်းရင်းသားများဆိုင်ရာ ဘာသာရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး နှင့် လမ်းပန်းဆက်သွယ်ရေးတို့အတွက် လက်ရှိ အသုံးပြုထားတဲ့ မြေတွေနဲ့ ပတ်သက်လို့လည်း ဘယ်လို ဆက်လက်ဆောင်ရွက်သွားမယ်ဆို တာကို ပြောပြပေးပါဦး။

ဖြေ။ ။ တိုင်းရင်းသားလူမျိုးတွေရဲ့ မြေတွေ နဲ့ပတ်သက်လို့ မြေလွတ်၊ မြေရိုင်းများ စာရင်းကနေပြီး ကျွန်တော်တို့ နုတ်ပယ်လိုက် တဲ့အတွက်ကြောင့် သူတို့မှာ အရင်တုန်းက စိုးရိမ်ပူပန်နေရတဲ့ အနေအထားတွေ မရှိ တော့ပါဘူး။ ဒါနဲ့ပတ်သက်လို့လည်း သတ် မှတ်ချက် တစ်ခုကတော့ နောက်ပိုင်းကျရင် သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေနဲ့ ညှိနှိုင်း ပြီးတော့ ဆောင်ရွက်ရမယ့်အရာ ဖြစ်ပါတယ်။

မြေတစ်ခုကို ရှုမြင်မယ်ဆိုရင် ဘယ်နိုင်ငံ မှာပဲဖြစ်ဖြစ် မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်းများ အသွင်နဲ့ စတင်ပြီးတော့ ရှုမြင်ရပါတယ်။ ဒီမြေ လွတ်၊ မြေလပ်နဲ့မြေရိုင်းများ အပေါ်မှာမှ အသုံးပြုတဲ့အပေါ်မှာ မူတည်ပြီးတော့ မြေအမျိုးအစားတွေကို ခွဲခြားရပါတယ်။ လက်ရှိ ကျွန်တော်တို့နိုင်ငံမှာဆိုရင် မြေ ၂၂ မျိုးခွဲခြားထားပါတယ်။ မြို့မြေ၊ ရွာမြေ၊ လမ်းမြေ၊ မီးရထားမြေ၊ သတ္တုတွင်းမြေ၊ သစ်တောမြေ စသည်ဖြင့် ခွဲခြားထားပါတယ်။ အဲဒီမြေတွေ ကိုလည်း သက်ဆိုင်ရာ ဥပဒေနဲ့အညီ စီမံခန့်ခွဲ အုပ်ချုပ်ရပါတယ်။ ဒါမှလည်း နိုင်ငံတော်ရဲ့ စနစ်ကျတဲ့ စီမံခန့်ခွဲမှု အဆင့်တွေကို မြေက အခြေပြုတဲ့အတွက်ကြောင့် ဒါတွေအောင်မြင် စွာ သုံးစွဲနိုင်မယ့် အနေအထား ဖြစ်ပါတယ်။ သူတို့ကို နုတ်ပယ်လိုက်တဲ့အတွက်ကြောင့် တိုင်းရင်းသားလူမျိုးတွေကလည်း သူတို့ရဲ့ စိုးရိမ်ပူပန်မှုတွေ လျော့ပါးသွားနိုင်သလို၊ မရှိနိုင်တော့သလို ကျွန်တော်တို့ဘက်က လည်း မြေလွတ်၊ မြေရိုင်းတွေချထားမယ်ဆိုရင် ဒီမြေတွေကို ရှောင်လွှဲပြီးတော့ချထားတဲ့ စနစ်မျိုးဖြစ်အောင် ကျွန်တော်တို့အနေနဲ့ ဆက်ပြီးတော့ ဆောင်ရွက်မှာဖြစ်ပါတယ်။ သူတို့အနေနဲ့ကလည်း မိမိတို့ရဲ့ရိုးရာ အနေနဲ့ပဲ ပြောပြော၊ ဘာသာရေးအနေနဲ့ပဲ ပြောပြော၊ ဓလေ့ထုံးစံအနေနဲ့ပဲပြောပြော ရယူထားတဲ့ မြေတွေနဲ့ပတ်သက်ပြီး အသုံးပြုမှုကို အစိုးရ ကသိအောင် လုပ်ရမယ့်အနေအထားတွေရှိပါ တယ်။ ဒါတွေက နောက်ပိုင်းကျတော့ တစ်ဆင့်ချင်းလုပ်သွားမှာပါ။ အဲဒီလိုလုပ်မှပဲ အသိအမှတ်ပြုမှာပါ။ နိုင်ငံတော်ကလည်း ဒါကို ပြန်တမ်းသဖွယ်ထုတ်ပြီးတော့ အသိ အမှတ်ပြုမှပဲ စာရင်းဇယားဆိုတာခိုင်မြဲမှာပါ။ စာရင်းဇယား တိကျမှန်ကန်မှသာလျှင် နိုင်ငံ တော်ရဲ့ စီမံခန့်ခွဲမှုစနစ်ကလည်း ကောင်းမွန် တဲ့အနေအထားဖြစ်မှာဖြစ်ကြောင်း ကျွန်တော့် အနေနဲ့ ရှင်းလင်းပြောကြားလိုပါတယ်။

ဟန်လင်းနိုင်