ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ် ပထမ ၆ လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ။

မွေးမြူထုတ်လုပ်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်းစားသုံးမှုဖူလုံရေးနှင့် ပြည်ပပို့ကုန်တိုးမြှင့်ရေးလုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်ရာတွင် ကျွဲနွားကုန်သွယ်မှု ဖွံ့ဖြိုး လာသည်နှင့်အမျှ တိရစ္ဆာန်ကူးစက်ရောဂါ အပါအဝင် ထိန်းသိမ်းစောင့်ရှောက်ရေး ဆိုင်ရာ လုပ်ငန်းများကို အထူးဂရုပြု ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊

တစ်ဘက်တွင်လည်း မွေးမြူ ကုသရေး လုပ်ငန်းရပ်များ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာပညာရှင် များက သုတေသနလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ခြင်းနှင့်အတူ သုတေသနရလဒ်များအား လက်တွေ့ မြေပြင်တွင် အကျိုးရှိစွာ အသုံးချနိုင်ရေးစီမံဆောင်ရွက်ကြစေလိုကြောင်း မေလ ၇ ၇က်နေ့ မွန်းလွဲ ၁ နာရီအချိန်က နေပြည်တော် ရုံးအမှတ် ၃၆ ၌ ကျင်းပပြုလုပ်သည့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ် ပထမ ၆ လပတ် အတွင်း ဆောင်ရွက်မှုအခြေအနေများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က ပြောကြားသည်။

အစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော် နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ၊ မွေးမြူရေးနှင့်ကုသရေးဦးစီး ဌာန တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးများ၊ ဌာနခွဲအသီးသီးမှတာဝန်ရှိသူများ တက်ရောက် ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က အဖွင့်အမှာစကား ပြောကြားပြီး မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်း က ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာလ မှ မတ်လ အထိ ပထမ ၆ လပတ် အတွင်း လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများ၊ စီမံခန့်ခွဲရေး၊ အစားအသောက်ဘေးကင်းလုံခြုံရေး နှင့် လူ့စွမ်းအားအရင်းအမြစ်များပြုစုမျိုးထောင်ရေး လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး က ဆွေးနွေးမှာကြားရာ၌ တိရစ္ဆာန် နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ အရည်အသွေး မြင့်မားစွာ ထုတ်လုပ် နိုင်ရေး နှင့် ရောဂါ ထိန်းချုပ်ရေး ဦးစားပေး ဆောင်ရွက် ရန် ၊ ဓါတ်ခွဲခန်း သုတေသန လုပ်ဆောင်မှုတွင် အခြားသုတေသန ဌာနများ၊ တက္ကသိုလ် များနှင့် ပူးပေါင်း ဆောင်ရွက်ရန်၊ ပြည်တွင်း ရှိ တိရစ္ဆာန် အရင်းအမြစ်များ ဆုံးရှုံးမှုမရှိစေရေးအတွက် ထုတ်ပြန် ခဲ့သော တိရစ္ဆာန်ကောင်ရေ စာရင်းနှင့်အညီ တစ်ပိုင် တစ်နိုင်မွေးမြူခြင်းမှသည် စီးပွားဖြစ်တိုးချဲ့ မွေးမြူခြင်းနှင့် အရည် အသွေး မြင့်မားစွာ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ချက် များ ဆွေးနွေး မှာကြားသည်။

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လူငယ်ပညာရှင်များကို အခြေပြု၍ မွေးမြူကုသမှု ဆိုင်ရာ လုပ်ငန်းစဉ်များ ပိုမိုတိုးတက် ကောင်းမွန်စေရန် ရည်ရွယ်၍ သုတေသနနှင့် စစ်တမ်းများ ကောက်ယူလျက်ရှိရာ လက်ရှိဆောင်ရွက်နေသော သုတေသနလုပ်ငန်း (၁၂) ခု ရှိပြီး မြန်မာနိုင်ငံ အလယ်ပိုင်းဒေသရှိ သိုး၊ ဆိတ်၊ နွား၊ ဝက်မွေးမြူရေးလုပ်ငန်းများ၏ လက်ရှိ အခြေအနေနှင့် တောင်သူများကြုံတွေ့နေရသည့် အခက်အခဲများကို စစ်တမ်းကောက်ယူခဲ့ကာ အစာကျွေးမှု စနစ် နှင့် ရေတိုက်ကျွေးမှု၊ ခြံစီမံခန့်ခွဲမှုများ စနစ်တကျ ဆောင်ရွက်ခြင်းဖြင့် ထုတ်လုပ်မှုစွမ်းအား တိုးတက်ပြီး မွေးမြူချိန်နှင့် လုပ်အားလျှော့ချနိုင်သဖြင့် ဝင်ငွေတိုးလာ စေနိုင်ကြောင်း မွေးမြူရေး ပညာပေးသရုပ်ပြလုပ်ငန်းများဆောင်ရွက်ခဲ့သည်။  အထူးသဖြင့် သိုးဆိတ်များကို လွှတ် ကျောင်း မွေး စနစ်မှ အစာနုရောစပ်ကျွေးမွေးခြင်း၊ နွားငယ်များကို ဖြည့်စွက်စာ ကျွေးမွေးခြင်းဖြင့် ကြီးထွားနှုန်း ကောင်းမွန်ကြောင်း တောင်သူများအား လက်တွေ့ပညာပေးနိုင်ခဲ့သည်။

သိုးဆိတ်တွင် သံချဆေးများကို ရာသီချိန်အလိုက် ထိုးနှံပေးရန် အသိပညာပေးနိုင် သကဲ့သို့ မြန်မာနိုင်ငံအလယ်ပိုင်းရှိ သိုးဆိတ်နမူနာပစ္စည်းများတွင် သားလျှောရောဂါပိုး တွေ့ရှိမှု အလွန် နည်းပါးကြောင်း စစ်ဆေးအတည်ပြုပေးနိုင်ခဲ့ပါသည်။ အာဟာရအတွက် အရေးပါသည့် တိုင်းရင်း ကြက်မွေးမြူရေးလုပ်ငန်းတွင် အပူဒါဏ်ခံ ကြက်လည်လိမ်ရောဂါ ကာကွယ် ဆေး အသုံးပြု ခြင်း ဖြင့် ကြက်များ သေဆုံးမှုနည်းပါးပြီး ဝင်ငွေတိုးလာစေကြောင်း လည်း စစ်တမ်းများအရ သက်သေ ပြ နိုင်ခဲ့ပြီဖြစ်ပါသည်။

စီးပွားရေးစစ်တမ်းများအနေဖြင့် ကျေးလက်ဒေသတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးမှ ရရှိသောဝင်ငွေ၊ မိသားစုများ၏ အသုံးစရိတ်နှင့် အရင်းအနှီးရရှိမှုအခြေအနေများကို ကွင်းဆင်း ကောက်ယူခဲ့ပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော နည်းပညာ အကြံ ဉာဏ်များ ပေးနိုင်ခဲ့သည်။ ရာသီဉတုကို အမီပြုရ သောကြောင့် စိုက်ပျိုးရေးမှ ဝင်ငွေရရှိမှု နည်းပါး သဖြင့် မွေးမြူရေးလုပ်ငန်းကို အစားထိုးနိုင်မည့် အခြေအနေများ ကိုလည်း သုံးသပ် တင်ပြ နိုင်ခဲ့သည်။ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် လူငယ်ပညာရှင်များ၏ သုတေသန လုပ်ငန်းတွေ့ရှိချက်များကို အခြေခံ၍ ဒေသနှင့်ကိုက်ညီသော မွေးမြူထုတ်လုပ်မှုနှင့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို စီမံချက်ချ ဆောင်ရွက်သွားမည် ဖြစ်ပြီး သုတေသန စစ်တမ်းအနှစ်ချုပ်များအား မွေးမြူရေးနှင့်ကုသရေးဉီးစီးဌာန၏ website ဖြစ်သော http://www.lbvd.gov.mm/ တွင် ဝင်ရောက်ဖတ်ရှုနိုင်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။