ပြည်ထောင်စုအဆင့်သတင်း

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဗဟိုကော်မတီ၏  (၁၉)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ။

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဗဟိုကော်မတီအဖွဲ့ဝင်များအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို အသုံးပြု၍ စီးပွားဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဓာတ်သတ္တုထုတ်လုပ်ခြင်း၊အစိုးရက ခွင့်ပြုထားသော ဥပဒေနှင့်ညီညွတ်သည့် အခြားလုပ်ငန်းများကို ထိရောက်မှန်ကန်စွာ အသုံးချစီမံဆောင်ရွက် နိုင်ရန် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအပေါ် မူဝါဒများချမှတ်နိုင်ရေး အတွက် မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ၏ (၁၉)ကြိမ်မြောက် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို မေလ(၂၃)ရက်နေ့ နံနက်(၉)နာရီက နေပြည်တော် ရုံးအမှတ် ၁၅ ရှိ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေး ဗဟိုကော်မတီ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ  နှင့် ဗဟိုကော်မတီဝင်များ စုံညီစွာတက်ရောက်ကြသည်။

အစည်းအဝေးတွင် ဗဟိုကော်မတီ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ  က အဖွင့်အမှာစကားပြောကြားရာ၌ မိမိတို့နိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအနက် မြေဧရိယာပေါကြွယ်ဝသည့် နိုင်ငံတစ်ခုအဖြစ် ရပ်တည်လျက်ရှိကြောင်း၊ အဆိုပါ မြေသယံဇာတများကို နိုင်ငံသူ နိုင်ငံသားများအနေဖြင့် အကျိုးရှိထိရောက်စွာအသုံးပြုနိုင်ရေး ကို ကြီးကြပ်ရန်နှင့် ယင်းတို့အတွက် ပစ္စည်းပိုင်ဆိုင်ခွင့်နှင့် ကိုယ်ပိုင်လုပ်ကိုင်ခွင့်များ ရရှိရေးကို ဥပဒေနှင့်အညီခွင့်ပြုပေးရန်လိုအပ်ကြောင်း၊ လက်ရှိအခြေအနေတွင် အကျိုးရှိ ထိရောက်စွာ အသုံးမပြုရသေးသော နိုင်ငံ၏မြေသယံဇာတများစွာရှိနေသေးပါကြောင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၏ အဓိကသော့ချက်ဖြစ်သော သစ်တောများ ပြန်လည် ပြုစုပျိုးထောင်ရေး၊ တိုးချဲ့ဆောင်ရွက်မှုများနှင့်အတူ သယံဇာတများကို နိုင်ငံအကျိုး ဖြစ်ထွန်းအောင် အသုံးပြုနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဗဟိုကော်မတီ အတွင်းရေးမှူး လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦး က မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲခြင်းကိစ္စရပ်များနှင့်ပတ်သက်၍ အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်မည့် အကြောင်းအရာများအား ရှင်းလင်းတင်ပြရာ ဗဟိုကော်မတီ ဥက္ကဌ နှင့် ဗဟိုကော်မတီဝင်များ က လုပ်ငန်းကဏ္ဍများအလိုက် ဆွေးနွေး ဆုံးဖြတ်ကြသည်။

မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေအရ စည်းကမ်းချက်များနှင့် ကိုက်ညီမှုမရှိသော မြေလွတ်၊မြေလပ်နှင့်မြေရိုင်းလုပ်ပိုင်ခွင့် မြေ ၁၉၀၅၇ ဧက အား ပြန်လည်သိမ်းဆည်းကြောင်း ယနေ့အစည်းအဝေး ၌ ဆုံးဖြတ်ခဲ့ရာ သတ်မှတ် ဥပဒေ စည်းမျဉ်းများနှင့် ကိုက်ညီမှုမရှိခြင်းကြောင့် ပြန်လည်သိမ်းဆည်းမြေ ဧရိယာ မှာ စုစုပေါင်း ၁၄၆၇၆၉၃ ဧက ရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။