၁။ မျိုးရင်း။ ။ Liliaceae. (နှင်းပန်းမျိုးရင်း)
၂။ ရုက္ခဗေဒအမည်။ ။ Asparagus officinalis Linn.
၃။ အခေါ်အဝေါ်
- (က) မြန်မာအမည်။ ။ ကညွတ်။
- (ခ) အင်္ဂလိပ်အမည်။ ။ Common Asparagus.
- (ဂ) မွန်အမည်။ ။ Sani Kamat.
၄။ ပုံသဏ္ဍာန် –
အပင်။ ။ ပင်ပျော့ပင်ငယ်မျိုးဖြစ်၍ ၁၀ပေထိမြင့်၏၊ ကိုင်းဖြာ၏၊ ပင်စည်လုံး အစိမ်းရောင်ရှိ၍ ချောမွေ့ပြီး ဖြောင့်မတ်သည်၊ ပင်စည်ပေါ်တွင် အဝါရောင်ဆူးတောင့်ကြီးများရှိသည်။
အရွက်။ ။ အရွက်မြွာကလေးများ အလွန်သေးငယ်၍ အပ်ချောင်းပုံသဏ္ဍာန်ရှိပြီး အနည်းငယ် ကောက်ကွေ့နေ၏။ ၃ ရွက်စီစု၍ ရိုးတံပေါ်တွင် ရွက်လွှဲထွက်သည်။
အပွင့်။ ။ ငယ်၍ အဖြူရောင်ရှိပြီး မွှေးကြိုင်သော အနံ့ရှိသည်။
အသီး။ ။ မှည့်သောအခါ အနီရောင်ရှိ၏။
အမြစ်။ ။ အပင်အောက်ခြေ မြေကြီးထဲ၌ ဥကဲ့သို့သော အမြစ်များမြောက်များစွာ စီတန်းနေသည်။
၅။ ပေါက်ရောက်သည့်ဒေသ။ ။ မြန်မာနိုင်ငံ စွတ်စိုထိုင်းမှိုင်းသော အရပ်ဒေသတွင် ပေါက်ရောက်သည်။ အထက်မြန်မာပြည်တွွင် အတွေ့ရနည်းသည်။ တောင်ပေါ်ဒေသနှင့် အေးသော အရပ်များတွင် စိုက်ပျိုးဖြစ်ထွန်းနိုင်သည်။
၆။ ပေါက်ရောက်ပုံ။ ။ သဘာဝအလျောက် ပေါက်ရောက်သော်လည်း စားသုံးရန်အတွက် စိုက်ပျိုးကြသည်။
၇။ စိုက်ပျိိုးနည်းစနစ် –
(က) မျိုးစေ့ပျိုးထောင်ခြင်း။ ။ အစေ့မှ ပျိုးထောင်ပါက တနှစ်ခန့် ပျိုးထောင် ရသည်၊ အစေ့မှ အပင်ပေါက်ရန် ၂ ပတ်မှ ၆ ပတ်် ကြာတတ်သဖြင့် ၃၀ ဒီဂရီ စင်တီဂရိတ် ရှိသော ရေတွင် ၃-၄ မိနစ်ခန့်အကြာ စိမ်ပြီး စိုက်ခြင်းဖြင့် ၄-၅ ရက်အတွင်း အပင်ပေါက်နိုင်သည်။ ပျိုးခင်းဘောင်များကို ၂ – ၃ ပေခွါပြုလုပ်၍ ဘောင်များပေါ်တွင် မျိုးစေ့ကို ၃-၄ လက်မခြားခွါပြီး ပျိုးကြဲသင့်သည်။
(ခ) စိုက်ပျိုးခြင်း။ ။ မြေဆွေးသြဇာဓါတ် များသည့်မြေကို ထွန်ယက် ပြုပြင်ပြီး အကျယ် ၃ ပေ အနက် ၁ ပေရှိ စိုက်မြောင်းများကို ၄ ပေခွါကာ တူးဖေါ်၍ တနှစ်ခန့်ရှိ ပျိုးပင်မှ အမြစ်အုံကို မနာစေဘဲ၊ မိုးဦးကျ အချိန်တွင် စိုက်ပျိုးရမည်။
(ဂ) ပြုစုဂရုစိုက်ခြင်း။ ။ မြေဆွခြင်း၊ ပေါင်းသင်ခြင်းလုပ်ငန်းများကို မကြာမကြာ ပြုလုပ်ပေးရမည်၊ ကညွတ်ရိုးကို ဖြူအောင် ပြုလုပ်ရာ၌ ဥတက်များပေါ်တွင် အညှောင့်များ မထွက်မှီ ထယ်ထိုးပြီး မြေဖို့ထားရသည်။
(ဃ) ရိတ်သိမ်းခြင်း။ ။ သက်နုကညွတ်ပင်များ ၂ – ၃ နှစ်သားအရွယ်တွင် ကညွတ်အစို့ကို ၂ ကြိမ် ၃ ကြိမ်ခန့်သာ ဖြတ်ယူသင့်သည်။ ၃ နှစ်သား ကျော်လျှင်မူ တနှစ်အတွင်း ၄-၅ ကြိမ်အထိ ဖြတ်ယူနိုင်သည်။
၈။ အသုံးပြုသည့် အစိတ်အပိုင်း။ ။ အမြစ်၊ အညွန့်
၉။ အာနိသင်။ ။ မြန်မာဆေးကျမ်းများ အလိုအရ ချိုအေးသော အရသာရှိ၍ အေးသော ဂုဏ်သတ္တိရှိ၏၊ သလိပ်ကို ကြေစေ၍ သွေးသည်းခြေကို နိုင်သည်၊ သွေးလွန်သွေးအန်နာတို့ကို ပယ်၏။
၁၀။ အသုံးပြုပုံ။ ။ အရွက်၊ အပင်၊ အစို့၊ အမြစ်၊ အသီး၊ အားလုံး လူတို့အား အကျိုးပြုသည်၊ သို့သော် အစို့အမြစ်သည် အဓိက အသုံးကျသည်။
အမြစ်။ (၁) အမြစ်ကို ချက်ပြုတ်စားသောက်၍၎င်း နွားနို့နှင့် အတူနို့ထမင်းပြုလုပ်၍၎င်း စားပါအားကိုဖြစ်စေသည်။
(၂) ကညွတ်မြစ်ဥ အရည်ကိုကြိုချက်၍ ရသောအဆီဖြင့် အဆစ်ရောင်ခြင်း၊ ကိုက်ခြင်းနှင့် လေရောဂါ တို့ကို လိမ်းကျံပေးက ပျောက်၏။
(၃) ကညွတ်မြစ်အရည်ကို ပျားရည်။ နွားနို့ရည်တို့နှင့်ရော၍ သောက်ပါက ဆီးပူ၊ ဆီးအောင့်ခြင်း၊ ကိုက်ခဲခြင်းနှင့် အမျိုးမျိုးသော သည်းခြေရောဂါများ ပျောက်ကင်း၏။
(၄) ၎င်းမြစ် အရည်ကို နွားနို့နှင့် အလေးချိန်တူရော၍ သောက်ပါက ကြာရှည်စွာ စွဲကပ်နေသော ကျောက်တည်ရောဂါ ပျောက်ကင်း၏၊ အဆိပ်အမျိုးမျိုး သင့်သော ရောဂါများကိုလည်း ပျောက်ကင်းစေနိုင်သည်။
အညွန့်။ (၁) အညွန့်ကို စားသုံးခြင်းဖြင့်လေကို ကြေစေ၏။ အင်အားကို ဖြည့်တင်းစေ၏၊ သွေးအားကောင်းစေသဖြင့် သားဖွားပြီး မိခင်များစားသုံးရန် အထူး သင့်လျော်သည်။
လယ်ယာစိုက်ပျိုးရေးကော်ပိုရေးရှင်း ၏ ၁၅-၅-၁၉၈၀နေ့ထုတ် မြန်မာ့ဆေးဝါးပင်များစာအုပ်မှ ကောက်နုတ်ဖော်ပြသည်။