ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

မြန်မာနိုင်ငံ၏ ပထမဆုံးသော တိရစ္ဆာန် ရောဂါ ထိန်းချုပ် စောင့်ကြည့် စစ်ဆေးရေး စခန်း (Animal Quarantine Station) ကို ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ တွင် ဖွင့်လှစ်။

          စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန သည် တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ ပြည်ပသို့ တရားဝင်တင်ပို့ရာတွင် မရှိမဖြစ် လုပ်ငန်းစဉ်တစ်ခုဖြစ်သော တိရစ္ဆာန်ရောဂါထိန်းချုပ် စောင့်ကြည့်စစ်ဆေးရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရသည့် တိရစ္ဆာန်ရောဂါ ထိန်းချုပ်စောင့်ကြည့်စစ်ဆေးရေးစခန်း(Animal Quarantine Station) ကို ရှမ်း ပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့တွင် ၂၀၁၉ ခုနှစ် ဧပြီလ ၂၂ ရက် (တနင်္လာနေ့) တွင် ဖွင့်လှစ်ခဲ့သည်။

           တိရစ္ဆာန်ရောဂါထိန်းချုပ်စောင့်ကြည့်စစ်ဆေးရေးစခန်း ဖွင့်ပွဲအခမ်းအနားတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က အမှာစကားပြောကြားရာ၌ မွေးမြူသူတောင်သူများ ထိုက်သင့်သည့်အကျိုးအမြတ် ရရှိ စေရန်  နိုင်ငံတော်အစိုးရ အနေဖြင့် ၂၀၁၇ခုနှစ်၊ အောက်တိုဘာလ(၉) ရက်စွဲပါ အမိန့် ကြော်ငြာစာ အမှတ် (၄၉/၂၀၁၇) ကိုထုတ်ပြန်ပြီး ခွင့်ပြုပေးခဲ့ကြောင်း၊ ရောင်းလိုအားနှင့် ဝယ်လိုအားကိုအခြေခံပြီး ကျွဲ၊နွားများ တရားဝင်တင်ပို့ ရောင်းချနိုင်ရန်စီမံဆောင်ရွက်ခြင်း နှင့်အတူ တစ်ဘက်တွင်လည်း တစ်နိုင်ငံမှ တစ်နိုင်ငံသို့ တိရစ္ဆာန်များကုန်သွယ်မှုပြုလုပ်ရာတွင် နိုင်ငံတကာစံနှုန်း နှင့် အညီ လိုအပ်သည့် စစ်ဆေးမှုများကို ပြုလုပ်ပြီး ထိန်းသိမ်း စောင့်ကြည့် သွားခြင်းဖြင့် နယ်စပ် ဖြတ်ကျော် တိရစ္ဆာန် ကူးစက်ရောဂါများ (Trans-boundary Animal Diseases)ကို ထိန်းချုပ်ရန် လိုအပ်လာသဖြင့် ယခုကဲ့သို့ တိရစ္ဆာန်ရောဂါထိန်းချုပ်စောင့်ကြည့် စစ်ဆေးရေးစခန်း ကို ဖွင့်လှစ် ဆောင်ရွက်ခြင်းဖြစ်ကြောင်းပြောကြားသည်။

          တိရစ္ဆာန်ရောဂါထိန်းချုပ်စောင့်ကြည့်စစ်ဆေးရေးစခန်း ဖွင့်ပွဲအခမ်းအနားသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်၊မွေး၊ဆည်ဝန်ကြီး ဦးစိုင်းလုံကျော် ၊ လွှတ်တော်ကိုယ်စားလှယ် များ၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော် ၊ ညွှန်ကြားရေးမှူးချုပ်များ၊ စစ်ဗျူဟာမှူး၊ အခြေချစစ်ဗျူဟာအဖွဲ့(ကွတ်ခိုင်)၊ ပြည်သူ့ စစ်အဖွဲ့များ ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ တက်ရောက်ကြသည်။