သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

မြန်မာနိုင်ငံတွင် ငမြှောင်တောင်ပိုး Fall Armyworm (FAW) ကျရောက်မှုအပေါ် ကြိုတင်သတိပေးခြင်း စောင့်ကြည့်အကဲဖြတ်ခြင်း နှင့် ကာကွယ်နှိမ်နင်းခြင်းများအတွက် စီမံခန့်ခွဲမှုနည်းပညာပိုင်း စွမ်းရည်မြှင့်တင်ပေးနိုင်ရေး အလုပ်ရုံဆွေးနွေးကျင်းပ

မြန်မာနိုင်ငံတွင် အစေ့ထုတ်ပြောင်းသီးနှံ ၌ ငမြှောင်တောင်ပိုး Fall Armyworm (FAW) ကျရောက်မှုအပေါ် ကြိုတင်သတိပေးခြင်း စောင့်ကြည့်အကဲဖြတ်ခြင်း နှင့် ကာကွယ် နှိမ်နင်းခြင်းများအတွက် စီမံခန့်ခွဲမှုနည်းပညာပိုင်း စွမ်းရည်မြှင့်တင်ပေးနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ ကို ဇွန်လ ၁၄ ရက် နံနက် ၉ နာရီအချိန်က နေပြည်တော်ရှိ M-Gallery Hotel ၌ ကျင်းပရာ အခမ်းအနားသို့ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း ၊ သီးနှံ ကာကွယ်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ FAO နှင့် အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးတိုးတက်‌ရေး အေဂျင်စီ USAID တို့မှ ပညာရှင်များ၊ ဖိတ်ကြားထားသူများတက်ရောက်ကြသည်။

အခမ်းအနားတွင် စိုက်ပျိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်း က အဖွင့်အမှာစကား ပြောကြားပြီး၊  FAO မှ Emergency and Rehabilitation Coordinator, Mr. Reda Lebtahi က ကြိုဆို နှုတ်ခွန်းဆက် စကားပြောကြားသည်။

စိုက်ပျိုးရေးဦးစီးဌာနနှင့် ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ FAO တို့ ပူးပေါင်း၍ FAO Myanmar’s Project ဖြင့် လုပ်ကွက်ငယ်တောင်သူများ အပါအဝင် တောင်သူများ၏ အစေ့ထုတ်ပြောင်းသီးနှံ တွင် ငမြောင်တောင်မျိုးစိပ်အသစ် ကျရောက် ဧရိယာများ လျော့ပါးရေး နှင့် ထိန်းချုပ်စီမံ ဆောင်ရွက်ရေးတို့ကို ဦးတည် ဆောင်ရွက် လျက် ရှိပြီး တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ သီးနှံကာကွယ်ရေး ဝန်ထမ်းများ ကလည်း အစဉ်မပြတ် စူးစမ်း လေ့လာခြင်း၊ သတင်းရရှိမှုအရ ချက်ချင်း မြေပြင်ကွင်းဆင်း ဆောင်ရွက်ခြင်း၊ တုန့်ပြန် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအပေါ် အချိန်နှင့်တပြေးညီ ဆောင်ရွက်ခြင်းနှင့် သတင်း ထုတ်ပြန်ပေးခြင်းတို့ကို ဆောင်ရွက်လျက် ရှိသည်။

ယနေ့ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲ တွင် သီးနှံကာကွယ်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦး က မြန်မာနိုင်ငံတွင် ငမြောင်တောင်ပိုး (Fall Armyworm) ကျရောက်ခဲ့မှု နှင့် ကြိုတင်သတိပေးစနစ် နှင့် စောင့်ကြည့်လေ့လာရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့ မှုများကိုဆွေးနွေးပြောကြားသည်။

ဆက်လက်၍   ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေး အဖွဲ့ FAO မှ ပညာရှင် များ၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီး မှ သီးနှံကာကွယ်ရေး တာဝန်ခံများက FAO Myanmar’s Project ဖြင့် ငမြောင်တောင်ပိုး(Fall Armyworm) ကာကွယ်နှိမ်နင်းခြင်းဆိုင်ရာ အတွေ့အကြုံများကို အမြင်ချင်းဖလှယ်ဆွေးနွေးကြကာ ငမြှောင်တောင်ပိုး Fall Armyworm (FAW) ကျရောက်မှု အပေါ် ကြိုတင်သတိပေးခြင်း ၊ စောင့်ကြည့်အကဲဖြတ်ခြင်း နှင့် ကာကွယ် နှိမ်နင်းခြင်းများ အတွက် စီမံခန့်ခွဲမှုနည်းပညာပိုင်း စွမ်းရည်မြှင့်တင်ပေးနိုင်ရေး ဆိုင်ရာစာတမ်းများကို သက်ဆိုင်ရာ ပညာရှင်များက ကဏ္ဍအလိုက်ဖတ်ကြား တင်ပြ ကြသည်။

ငမြောင်တောင်ပိုးသည် ကနဦးတွင် အာဖရိကနိုင်ငံများ၌ ပျံ့နှံ့ဖြစ်ပွား ခဲ့ကာ သီးနှံများစွာ ပျက်စီးဆုံးရှုံးခဲ့ရပြီး နောက်ပိုင်းတွင် မြန်မာနိုင်ငံ အပါအဝင် အာရှနိုင်ငံများသို့ ပျံ့နှံလာခဲ့သည်။

ယခုအခါ နိုင်ငံတစ်ဝန်း ငမြှောင်တောင်ပိုး Fall Armyworm (FAW) ပျံ့နှံ့ကျရောက် နေမှုအပေါ်ထိန်းချုပ်ရေးလုပ်ငန်းများကို စိုက်ပျိုးရေးဦးစီးဌာနနှင့် ကုလသမဂ္ဂစားနပ်ရိက္ခာ နှင့် စိုက်ပျိုးရေးအဖွဲ့ FAO တို့ပူးပေါင်း၍ စီမံကိန်းလုပ်ငန်းစဉ်များ အဆင့်လိုက် သီးခြားစီ ချမှတ် ဆောင်ရွက်မှုများ ပြုလုပ် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။