သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

မြန်မာဆယ်မားအူးလ်အွန်ဒုန်စီမံကိန်း စီမံကိန်းတတိယနှစ်၏ ဆောင်ရွက်မှု ထူးချွန်ကျေးရွာများအား ထပ်ဆောင်းဆုကြေးငွေ ပေးအပ်

မြန်မာဆယ်မားအူးလ်အွန်ဒုန်စီမံကိန်း စီမံကိန်းတတိယနှစ်၏ ဆောင်ရွက်မှု ထူးချွန်ကျေးရွာများအား ထပ်ဆောင်းဆုကြေးငွေ ပေးအပ်ပွဲအခမ်းအနားကို မေလ ၂၁ ရက် ညနေပိုင်းက နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် သော်မှော် ကုန်းကျေးရွာ SMU ခန်းမ၌ ကျင်းပပြုလုပ်ရာ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန် ၊ SMU စီမံကိန်းဒါရိုက်တာ ဦးအေးကိုကို နှင့် တိုင်းဒေသကြီး၊ ခရိုင် ၊ မြို့နယ်အဆင့် စိုက်ပျိုးရေးဦးစီးဌာနမှူးများ၊ စီမံကိန်းဝင်ကျေးရွာများမှ ကျေးရွာ ခေါင်းဆောင်များ ၊ ကျေးရွာသူ ကျေးရွာသားများ တက်ရောက်ကြသည်။

အခမ်းအနားတွင် နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန် က SMU စိတ်ဓါတ်အခြေခံပြီး စုစည်းညီညွတ်စွာ အားထုတ်ကြိုးပမ်း ခဲ့မှုများကြောင့် ရရှိထားသည့် အောင်မြင်မှုများကို ရေရှည်ထိန်းသိမ်း နိုင်ရန်နှင့် စံပြကျေးရွာများအဖြစ် စံနမူနာကောင်းများပြသမျှဝေပေးခြင်းဖြင့် ကျေးရွာများအားလုံး ဖွံ့ဖြိုး သာယာလာစေရန် ဆက်လက်ကြိုးပမ်း သွားကြစေ လိုကြောင်း၊ စီမံကိန်း၏ အကျိုးကျေးဇူးများအဖြစ် လူနေမှုစနစ် တိုးတက်လာခြင်း ဝင်ငွေတိုးပွားလာခြင်း၊ ကျေးရွာသူကျေးရွာသားများ၏ ရုပ်ပိုင်း စိတ်ပိုင်း ဖွံ့ဖြိုးလာခြင်း စသည့် ရလဒ်ကောင်းများအတွက် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် SMU စီမံကိန်းဒါရိုက်တာ ဦးအေးကိုကို က ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားသည်။

ထို့နောက် မြန်မာဆယ်မားအူးလ်အွန်ဒုန်စီမံကိန်း စီမံကိန်း တတိယနှစ် ၏ ဆောင်ရွက်မှု ထူးချွန်ကျေးရွာဆုရ စံပြရွာ ၄၀ အတွက် ထပ်ဆောင်းဆုကြေးငွေ စုစုပေါင်း ၅၁၈ သန်းကျော် ကို နေပြည်တော်ကောင်စီဝင် ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် နှင့် တာဝန်ရှိသူများက ပေးအပ်ရာ သက်ဆိုင်ရာ ကျေးရွာ ခေါင်းဆောင် များက လက်ခံရယူခဲ့ကြသည်။

“ ယခုပေးအပ်လိုက်တဲ့ ဆုကြေးငွေတွေနဲ့ ဝင်ငွေတိုးလုပ်ငန်းတွေက တဆင့် ထည့်ဝင်ထားတဲ့ ရန်ပုံငွေတွေကို ကျေးရွာခေါင်းဆောင်များ နဲ့ ကျေးရွာသားများ ကိုယ်တိုင်ထိန်းသိမ်းကိုင်တွယ်ခြင်း၊ စီမံခန့်ခွဲခြင်းများဆောင်ရွက် နေကြပါတယ်၊ စီမံကိန်းပြီးဆုံးတဲ့ နောက်ပိုင်းကာလတွေမှာ ကိုယ့်ရန်ပုံငွေနဲ့ ကိုယ်ရပ်တည်ပြီး ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နိုင်အောင် ရန်ပုံငွေ ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်ပေးနေသလိုဘဲ တဘက်မှာလည်း ငွေကြေးဆိုင်ရာလုပ်ထုံးလုပ်နည်းတွေ နဲ့ စီမံခန့်ခွဲရေးဆိုင်ရာလုပ်ငန်းများ ပိုမို ကောင်းမွန်စွာ ဆောင်ရွက်နိုင်ကြစေဘို့  နေပြည်တော် ရေဆင်းမှာရှိတဲ့ AERDTC သင်တန်းကျောင်းမှာ သင်တန်းတွေကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေပါတယ်”  ဟု စီမံကိန်းဒါရိုက်တာ ဦးအေးကိုကို က ပြောသည်။

မြန်မာ-ကိုရီးယားနှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုအစီအစဉ်အရ မြန်မာဆယ်မား အူးလ် အွန်ဒုန်စီမံကိန်း စီမံကိန်းကို ကျေးရွာ ၁၁၀ ရွာ၌ ဆောင်ရွက်လျက်ရှိရာ စီမံကိန်းအနေဖြင့် ရုပ်ပိုင်းဆိုင်ရာထောက်ပံ့မှုအပြင် ကျေးရွာသူ ကျေးရွာသားများ၏ အောင်မြင်တိုးတက်လိုသော စိတ် ၊ မိမိကိုယ်ကိုယ်အားကိုးယုံကြည်စေသော စိတ် နှင့် စုပေါင်းဆောင်ရွက်တတ်သော အလေ့အကျင့်ကောင်းများကို ပျိုးထောင်ပေးခြင်း ဖြစ်ရာ စီမံကိန်းဝင်ကျေးရွာများအားလုံးရှိကျေးရွာသူကျေးရွာသားများ၏ ယုံကြည်စွာ ပူးပေါင်းဆောင်ရွက်မှု၊ စိုက်ပျိုးရေးဦးစီးဌာနတာဝန်ရှိသူများ ၏ စီမံကိန်း အကောင်အထည် ဖော်ရာတွင် တက်ကြွစွာ ကြိုးပမ်းခဲ့မှုတို့ကြောင့် စီမံကိန်း၏ ရည်မှန်းချက်များ  ရာနှုန်းပြည့်အောင်မြင်လျက်ရှိကြောင်း သိရှိရသည်။