သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

မျိုးသန့်မျိုးစေ့များ သုံးစွဲစိုက်ပျိုးမှု မြှင့်တင်ရေး အစီအစဉ် ၏ ဒုတိယအကြိမ်မြောက် အစည်းအဝေးကျင်းပ

        စိုက်ပျိုးရေးဦးစီးဌာန နှင့် JICA တို့ပူးပေါင်းဆောင်ရွက်သော စပါးသီးနှံတွင် မျိုးသန့်မျိုးစေ့များ သုံးစွဲစိုက်ပျိုးမှု မြှင့်တင်ရေး အစီအစဉ် ၏ ဒုတိယအကြိမ်မြောက် အစည်းအဝေးကို မေလ ၂၀ ရက် ညနေပိုင်းက နေပြည်တော် ရုံးအမှတ် ၁၅ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဂျပန်နိုင်ငံ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA မှ တာဝန်ရှိသူများတက်ရောက် ကြသည်။

စိုက်ပျိုးရေးဦးစီးဌာန နှင့် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ JICA တို့ပူးပေါင်းဆောင်ရွက်သော Improvement on Accessibility of Rice Certified Seed Project မှ ဧရာဝတီတိုင်း ဒေသကြီး နှင့် စစ်ကိုင်းတိုင်းဒေသကြီးများအတွင်းရှိ တောင်သူလယ်သမားများ၏ ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှုတွင် မျိုးသန့်မျိုးစေ့ ဖူလုံစွာသုံးစွဲနိုင်မှုမြှင့်တင်ပေးရန်၊ စိုက်ပျိုး ပညာပေးဝန်ထမ်းများနှင့် မျိုးစေ့ခြံဝန်ထမ်းများ၏ စွမ်းရည်မြှင့်တင်နိုင်ရေး အတွက် နည်းပညာ သင်တန်းများဆောင်ရွက်ပေးရန် ကြိုးပမ်းလျက်ရှိသည်။

စီးပွားဖြစ်မျိုးသန့်ထုတ်လုပ်မှု စွမ်းရည်မြှင့်တင်ပေးခြင်း၊ မျိုးစေ့အရည် အသွေး၊ ဓါတ်ခွဲခန်းများ၏ စွမ်းရည်မြှင့်တင်ခြင်းလုပ်ငန်းများ၊ ဝန်ထမ်းများ၏ ကွင်းဆင်းစစ်ဆေးအရည်အသွေး စွမ်းရည်မြှင့်တင်ရန်အတွက် သင်တန်းများ ဆောင်ရွက်ပေးခြင်း နှင့် CS မျိုးသန့်မျိုးစေ့ဖြန့်ဖြူးမှုစနစ် ပိုမိုထိရောက်ရေး လုပ်ငန်းများကို စီမံဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ တောင်သူလယ်သမားများ၏ လက်ရှိ အခြေအနေ နှင့် စီမံကိန်းဆောင်ရွက်ပြီး နောက်ပိုင်းကာလများကို ယှဉ်ထိုးသုံးသပ် သွာမည်ဖြစ်ကြောင်း၊ စိုက်ပျိုးပညာပေးဝန်ထမ်းများအား အရည် အသွေးမြှင့်တင်မှု သင်တန်းများဆောင်ရွက်ပေးသကဲ့သို့ ပြင်ပပုဂ္ဂလိကကဏ္ဍ အတွက်လည်း နည်းပညာ ပြန့်ပွားရေးလုပ်ငန်းများ ပြိုင်တူဆောင်ရွက် သွားမှာဖြစ်ကြောင်း ညွှန်ကြားရေး မှူးချုပ် ဒေါက်တာရဲတင့်ထွန်း က ပြောသည်။

မျိုးကောင်းမျိုးသန့်များ ဖူလုံစွာ သုံးစွဲ စိုက်ပျိုးရေးသည် သီးနှံစိုက်ပျိုး ထုတ်လုပ်မှုအတွက် အဓိကအခန်းကဏ္ဍတစ်ခုဖြစ်သကဲ့သို့ ထွက်ရှိလာမည့် သီးနှံ အရည်အသွေး အထွက်နှုန်း နှင့် စျေးကွက်ဝင်မှု ၊ တောင်သူ့ ဝင်ငွေအကျိုးအမြတ်ကို အဆုံးအဖြတ်ပေးနိုင်သည်ဖြစ်ရာ ဒေသ ရေမြေ ရာသီဥတုနှင့် လိုက်လျောညီထွေမှု ရှိပြီး၊ စံချိန်စံညွှန်းပြည့်မီသည့် မျိုးသန့်မျိုးစေ့များကို စီးပွားဖြစ်မျိုးသန့်ပွားများ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေးကို ဌာန၊ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် တောင်သူတို့ ပူးပေါင်းဆောင်ရွက်မှုအရှိန် မြှင့်တင်နိုင်ရေး အတွက် ဖွံ့ဖြိုးမှုမိတ်ဘက်အဖွဲ့ အစည်းများ ကလည်း ကူညီထောက်ပံ့ပေးလျက်ရှိပြီး  စိုက်ပျိုးရေးဦးစီးဌာန နှင့် JICA တို့ပူးပေါင်း ၍ Improvement on Accessibility of Rice Certified Seed Project ဆောင်ရွက် မှုကြောင့် အကျိုးဆောင်တောင်သူ၊ မျိုးစေ့ထုတ်လုပ်သူအစုအဖွဲ့တို့၏ CS မျိုးစေ့ထုတ်လုပ်မှုအပေါ် စိုက်ပျိုးပညာပေးဝန်ထမ်းများ က ဆောင်ရွက်ပေးလျက် ရှိသည့် မျိုးသန့်စစ်ဆေးရေးလုပ်ငန်း ဆိုင်ရာကြီးကြပ်မှု စွမ်းဆောင်ရည် တိုးတက် လာခြင်း၊ ကွင်းဆင်းစစ်ဆေးခြင်းဆိုင်ရာ စွမ်းဆောင်ရည်တိုးတက်လာခြင်း၊ မျိုးစေ့ဓါတ်ခွဲခန်းစစ်ဆေးမှု လျင်မြန်တိကျစေခြင်း တို့နှင့်အတူ မျိုးစေ့အရည်အသွေး အာမခံချက်ပေးနိုင်ခြင်း၊ မျိုးစေ့ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးမှုတွင် ပုဂ္ဂလိကပါဝင်မှု အားကောင်းလာခြင်း စသည့် အကျိုးကျေးဇူးများ ရရှိခဲ့ကြောင်း သိရှိရသည်။