နယ်သတင်းများ

မော်လိုက်မြို့၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့်စက်ချုပ်သင်တန်း ဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူး၍ ကျေးလက်နေပြည်သူများ မိမိအိမ်တွင် တစ်ပိုင်တစ်နိုင် လုပ်ငန်းဖြင့် မိသားစုဝင်ငွေ ရရှိရေးအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အဆင့်မြင့်စက်ချုပ်သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ခရိုင်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အဆင့်မြင့်စက်ချုပ်သင်တန်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန ရန်ပုံငွေ ကျပ် (၂ ဒဿမ ၇) သန်းဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းသို့ ကျေးရွာ(၁၀) ရွာမှ သင်တန်းသူ (၁၅)ဦးတက်ရောက်ခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဦးဟန်မင်းဆွေ ထံမှသိရသည်။

ယင်းသင်တန်းတွင် ရင်ဖုံးအကျႌပုံဆန်းများ၊ နောက်ကွဲပုံဆန်း အကျႌများ၊ ဖိစကပ်အမျိုးမျိုး၊ လုံချည် စကပ်ချုပ်နည်း၊ ရိုးရာဝတ်စုံ(၃)မျိုး ချုပ်နည်း၊ ပွဲတက်ဝတ်စုံ ချုပ်နည်း၊ တိုက်ပုံအကျႌချုပ်နည်း၊ ကုတ်အကျႌချုပ်နည်းနှင့် ပန်းထိုးနည်းအမျိုးမျိုးတို့ကို သင်တန်းကာလ တစ်လခွဲကြာ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဘိုသိန်း၊ ဦးလှိုင်မြင့်၊ ခရိုင်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီလွင်၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးကျော်စိုး၊ ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် သင်တန်းသူများ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။

မော်လိုက်သားလေး