လယ်ယာပြန်ကြားရေး

ပြန်ကြားရေးဌာနစိတ်(လယ်ယာပြန်ကြားရေး)

            လယ်ယာကဏ္ဍဆိုင်ရာ နည်းပညာများနှင့် သတင်း အချက် အလက်များ ကို တောင်သူ များထံ ထိရောက်စွာဖြန့်ဝေပေးနိုင်ရန် ၁၉၀၆ ခုနှစ် တွင် စတင်ဖွဲ့စည်းခဲ့သော စိုက်ပျိုးရေးဌာန ၌ လုပ်ငန်း နှင့် ပတ်သက်သည့် စာအုပ်၊ စာစောင်များ ကို ပုံနှိပ်ထုတ်ဝေခဲ့သည်။

၁၉၅၂ ခုနှစ် တွင် မြေယာ ကျေးလက် ကြီးပွား တိုးတက်ရေး ကော်ပိုရေးရှင်း (မြေ-ကျေး-ရှင်း) ကို ဖွဲ့စည်း ဆောင်ရွက်ခဲ့ရာတွင် ပုံနှိပ်စာအုပ်၊ စာစောင်များ သာမက ပြဇာတ်၊ ရုပ်ရှင်ပြသရေး၊ တေးဂီတ အဖွဲ့တို့ဖြင့် တိုးချဲ့ပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြသည်။

၁၉၇၂ ခုနှစ် တွင် စိုက်ပျိုးရေး ဌာနနှင့် မြေ-ကျေး-ရှင်း ဌာနတို့ပေါင်းစည်း၍ လယ်ယာ စိုက်ပျိုးရေး ကော်ပိုရေးရှင်း (လယ်-စိုက်-ရှင်း) ဖြစ်လာခဲ့ပြီး ပိုမိုကျယ်ပြန့်သော လယ်ယာ ပြန်ကြားရေးလုပ်ငန်းများ တွင်ကျယ် လာခဲ့ကြသည်။ ထိုစဉ်က ရေဒီယိုခေတ်ကာလဖြစ်၍ မြန်မာ့အသံမှ ဟောပြောချက်၊ ကျေးလက် ဇာတ်လမ်း၊ စိုက်ပျိုးရေး အမေးအဖြေ၊ နယ်လှည့် အင်တာဗျူးအစီအစဉ်များ ကို လူကြိုက် များခဲ့ကြသည်။

၁၉၇၉-၁၉၈၀ ခုနှစ်တွင် (ထိုစဉ်က လယ်ယာနှင့်သစ်တောဝန်ကြီး ဦးရဲခေါင် ၏ လမ်းညွှန် ချက်အရ) လယ်ယာစိုက်ပျိုးရေး ကော်ပို ရေးရှင်း တိုးချဲ့ပညာပေးရေး အောက် တွင် လယ်ယာ ပြန်ကြားရေး (ပြန်ကြားရေးဌာနစိတ်)ကို စတင်ဖွဲ့စည်းခဲ့ပြီး ပညာပေးနှင့် ဖျော်ဖြေရေး နယ်လှည့်ရုပ်ရှင်လုပ်ငန်း ကို လည်းကောင်း၊ ပညာပေးစာစောင်များ၊ နည်းပညာ စာအုပ်များ၊ ပြက္ခဒိန်နှင့် အခြားပုံနှိပ်ထုတ်ဝေရေး လုပ်ငန်းများကိုလည်းကောင်း၊ အခါကြီး ရက်ကြီး ပြပွဲပြခန်းများ ခင်းကျင်းပြသရေး လုပ်ငန်းများ ကိုလည်းကောင်း၊ မြေပဒေသာကျွန်း တွင် ပညာပေးနှင့်ဖျော်ဖြေရေး (မြေပဒေသာဇာတ်ရုံ)ကို လည်းကောင်း ကျယ်ပြန့်စွာ ဆောင်ရွက် ခဲ့ပြီး ၁၉၈၉-၉၀ တွင် စိုက်ပျိုးရေးပြတိုက် နှင့် လယ်ယာပြန်ကြားရေး ကို ပေါင်းစပ်ကာ ပြန်ကြားရေးဌာနစိတ် အဖြစ်ပြင်ဆင်ဖွဲ့စည်းခဲ့ သည်။

၁၉၉၃-၁၉၉၄ ခုနှစ် များတွင် မြန်မာ့ရုပ်မြင်သံကြားနှင့် ပူးပေါင်း၍ စိုက်ပျိုးစီးပွား နိုင်ငံ့အား၊ စိုက်ပျိုးစွမ်းအား ပြည်ထွန်းကား အစီအစဉ်များ ကိုလည်းကောင်း၊ မြဝတီ ရုပ်မြင်သံကြား နှင့်ပူးပေါင်း၍ လယ်ယာ ကဏ္ဍဆိုင်ရာ နည်းပညာပေး ရုပ်မြင်သံကြား အစီအစဉ် များ ကို လည်းကောင်း၊ ရုပ်မြင်သံကြား ဌာနများနှင့် ပူးပေါင်း၍ ဇာတ်လမ်းတိုများ၊ တေးသီချင်းများ၊ ဆွေးနွေးတင်ပြချက်များ ရိုက်ကူး ထုတ်လွှင့်ခြင်း ကိုလည်းကောင်း၊ မြန်မာ့အသံ ရေဒီယိုမှ အသံလွှင့် တင်ဆက်မှုများကို လည်းကောင်း၊ လယ်ယာ စီးပွား သတင်း ဂျာနယ် ဖြစ်ပေါ် စေရန် အစပျိုးခဲ့သည့် လယ်ယာ သတင်း စာစောင် ကိုလည်းကောင်း၊ သတင်းလုပ်ငန်း ဓာတ်ပုံရိုက် ကူးဆေး ခြင်း လုပ်ငန်း၊ ဗီဒီယိုရိုက်ကူး တည်းဖြတ်ခြင်းလုပ်ငန်း နှင့် အသံ ချဲ့စက် လုပ်ငန်းများ အပါအဝင် မီဒီယာနှင့် ပတ်သက် သမျှကို ဖွဲ့စည်းပုံခိုင်မာသော အမြဲတမ်းဝန်ထမ်းအင်အား (၃၀)ကျော်ဖြင့် ဌာန၏ ပံ့ပိုးမှုများကို ကောင်းစွာ ရယူဆောင်ရွက်နိုင်ခဲ့သည်။

ယခုအခါ တောင်သူ လယ်သမားများ နှင့် ပြည်သူများ အတွက် မိမိတို့ဝန်ကြီးဌာန နှင့် ဦးစီး ဌာန များ က ဆောင်ရွက်ပေးနေမှု၊ ဆောင်ရွက်ပေးလိုမှုနှင့် ဆောင်ရွက်ပေးနိုင်မှုများ ကို လည်းကောင်း၊ စိုက်ပျိုး- မွေးမြူရေးဆိုင်ရာ နည်းပညာနှင့် သတင်းအချက် အလက်များ ကို လေ့လာလိုသူများ ရှင်းလင်းလွယ်ကူစွာ လေ့လာ နိုင်ရန် အတွက်လည်းကောင်း၊ သဘာဝဘေး တုန့်ပြန်ဆောင်ရွက်ရေး အပါအဝင် အသိပေးနှိုးဆောင်ချက်များ ကို အချိန်နှင့်တပြေးညီ သိရှိ နိုင်ကြစေရန် အတွက်လည်းကောင်း သတင်းအချက် အလက် ဖြန့်ဝေ ပေးရေးလုပ်ငန်းများ ကို တိုးတက် ပြောင်းလဲလာသော ခေတ်စနစ်နှင့်အညီ စိုက်ပျိုးရေး ပြန်ကြားရေးဌာနစိတ် က ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။

 စိုက်ပျိုးရေး- ပြန်ကြားရေး(လယ်ယာပြန်ကြားရေး)