စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီး ပြည်နယ် ဦးစီးမှူးများ နှင့် တွေ့ဆုံပွဲကို ဇန်နဝါရီလ ၁၆ ရက် နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ် ၁၅ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ၊ ဒုတိယဝန်ကြီး ဦးလှကျော် နှင့် အမြဲတမ်းအတွင်းဝန်များ၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနခွဲညွှန်ကြားရေးမှူးများ နှင့် တိုင်းဒေသကြီး ပြည်နယ် ဦးစီးမှူးများ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က အမှာစကားပြောကြား ရာ၌ ဘေးအန္တရာယ်ကင်းရှင်းလုံခြုံပြီး အာဟာရပြည့်ဝသည့် အစားအစာများ ဖူလုံစွာ စားသုံးနိုင်ရေးလိုအပ်ချက်အား ဖြည့်ဆည်း ဆောင်ရွက်ပေးရေးသည် မိမိတို့ဝန်ကြီးဌာန၏ အဓိက လုပ်ငန်းစဉ်တစ်ခု ဖြစ်ကြောင်း၊
တောင်သူအကျိုးစီးပွားကို ရေရှည် မျှော်ကိုးပြီး မျိုးစေ့ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး နည်းပညာ အကူအညီ၊ စက်ကိရိယာ အကူအညီ၊ ရင်းနှီးမြှုပ်နှံမှု ငွေကြေး အကူအညီ ရရှိရေးတို့အတွက် ဆက်စပ်ဌာနများနှင့် ပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း
စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာ(ADS) လုပ်ငန်းများတွင် အဓိက ပါဝင်သည့် လုပ်ကွက်ငယ် တောင်သူများ၏ အသိပညာ တိုးပွားရေးကို ဦးစားပေးအဖြစ် ဆောင်ရွက်ခြင်းဖြင့် သီးနှံ စိုက်ပျိုးထုတ်လုပ်မှု တန်ဘိုးကွင်းဆက်တစ်ခုလုံး တိုးတက် လာမည်ဖြစ်ကြောင်း၊ အဆိုပါ တန်ဘိုး ကွင်းဆက်တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေး အတွက် သုတေသနရလဒ်ကောင်းများ၊ အတွေ့အကြုံကောင်းများကို လက်တွေ့အသုံးချ နိုင်စေရန် ဖြန့်ဝေပေးခြင်း၊ ကျယ်ပြန့်စွာ လက်တွေ့အသုံးချနိုင်ရေး ပံ့ပိုးပေးခြင်းတို့ကို တစ်ဆက် တည်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ တောင်သူများအား စိုက်ပျိုးနည်းပညာ သာမက စားသုံးမှု ဘေးကင်း လုံခြုံရေးဆိုင်ရာ ၊ စျေးကွက်ဆိုင်ရာ ၊ သတင်းအချက် အလက်ဆိုင်ရာ အသိပညာများကိုပါ ဖြန့်ဝေပေးကြရမှာဖြစ်ကြောင်း၊
ရာသီတုနှင့် လိုက်လျောညီထွေမှုရှိသည့် သီးနှံပုံစံ ပြောင်းလဲစိုက်ပျိုးလုပ်ကိုင်လာမှု နှင့်အတူ ဖြစ်ပေါ်လာမည့် နည်းပညာလိုအပ်ချက်များအတွက် တိုးချဲ့ပညာပေးခြင်းကို အားထည့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လိုအပ်သည့် ညွှန်ကြားချက်ထုတ်ပြန်ပေးခြင်း နှင့် နည်းပညာပေးမှုများ အား အချိန်နှင့်တပြေးညီ တုံ့ပြန် ဆောင်ရွက်ပေးရန်လိုကြောင်း၊ နည်းပညာပေးလုပ်ငန်းများ တိုးချဲ့ ဆောင်ရွက်ပေးနိုင်ရေး အတွက် ဘတ်ဂျတ်များ ထည့်သွင်း ရေးဆွဲပြီး ထိရောက် အကျိုးရှိစွာ အသုံးပြုနိုင်ရန် ကြိုတင် ပြင်ဆင်ဆောင်ရွက် ထားကြရန်လိုကြောင်း ၊ တဆက်တည်းမှာဘဲ ထူးချွန်ဝန်ထမ်းများအပေါ် ယင်းတို့၏ လုပ်ငန်းစွမ်းဆောင်နိုင်မှုအလိုက် အသိအမှတ်ပြု ချီးမြှောက်နိုင်ရေး အတွက် သက်ဆိုင်ရာ အဆင့်ဆင့် သို့ တင်ပြပေးကြစေလိုကြောင်း၊ သို့မှသာ ဝန်ထမ်းများ စွမ်းဆောင်ရည် မြင့်တက်မှုကို အထောက်အကူ ဖြစ်စေမှာဖြစ်ပြီး ဝန်ထမ်းပြုန်းတီးမှုကို လျှော့ချနိုင်မှာ ဖြစ်ကြောင်း ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးလှကျော် က ဆွေးနွေးပြောကြားရာတွင် နိုင်ငံခြားချေးငွေ ထောက်ပံ့ ငွေများဖြင့် အကောင်အထည်ဖော်လျက်ရှိသည့် စီမံကိန်း လုပ်ငန်းများအတွက် ပွင်းလင်း မြင်သာမှုရှိစွာ ဆောင်ရွက်ရန် နှင့် စာရင်းဇယားများ တိကျမှန်ကန်ခိုင်မာမှုရှိစေရေး လိုအပ်ချက်များ၊ လုပ်ငန်း နယ်ပယ်အလိုက် သတ်မှတ် ပြဌာန်းထားသော ဥပဒေ နည်းဥပဒေများအား တိကျစွာ လိုက်နာဆောင်ရွက်ရန်၊ တိုင်းဒေသကြီး ပြည်နယ်ဦးစီးမှူးများအနေဖြင့် သက်ဆိုင်ရာ ဒေသအာဏာပိုင် အဖွဲ့ အစည်းများ ၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေး ဆောင်ရွက်နေမှုအပေါ် အထောက်အပံ့ ကောင်းများအဖြစ် စွမ်းဆောင်ပေးရန် လိုအပ်ချက်များ အား ဆွေးနွေး မှာကြားသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း နှင့် တိုင်းဒေသကြီး ပြည်နယ် ဦးစီးမှူးများ က ဘဏ္ဍာနှစ်အလိုက်လုပ်ငန်း ဆောင်ရွက်ချက်များ နှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား တင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က လိုအပ်ချက်များ ဖြည့်စွက်မှာကြားသည်။
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၊ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မျိုးစေ့ထုတ်လုပ်ငန်းအဖြစ် ၂၀၁၉ ခုနှစ် မိုးရာသီတွင် စပါးသီးနှံ ဧက (၅၇၀၀၀)ကျော် ၊ မြေပဲ(၄၁၂)ဧက၊ နှမ်း(၆၃၂)ဧက၊ နေကြာ(၆၆)ဧက၊ ပဲတီစိမ်း(၁၆၀၇)ဧက၊ ပဲစဉ်းငုံ(၇၇၈) ဧက၊ ပဲလွမ်း(၆၀)ဧက၊ ပဲပုတ်(၃၉၁)ဧက စိုက်ပျိုး ထုတ်လုပ်နိုင်ခဲ့ကာ ဆောင်းရာသီ မျိုးသန့်ထုတ်လုပ်ငန်း အနေဖြင့် မြေပဲ(၄၀၂) ဧက၊ နှမ်း(၂၁၀)ဧက၊ နေကြာ (၄၆)ဧက၊ ပဲတီစိမ်း(၂၄၃)ဧက၊ ကုလားပဲ(၄၆၉) ဧက၊ ပဲပုတ်(၃၉)ဧက၊ ပဲလွမ်း(၂၀)ဧက၊ မတ်ပဲ(၁၂၀) ဧက စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့သည်။
နည်းပညာပေးသင်တန်း နှင့် ဆွေးနွေးပွဲများဆောင်ရွက်ခြင်းအနေဖြင့် မျိုးစေ့ထုတ် လုပ်ခြင်း ၂၀၈၃ ကြိမ် ၊ သီးနှံကာကွယ်ရေး ၆၁၀၀ကြိမ်၊ သီးနှံအာဟာရပြည့်မီရေး ၄၆၅၇ ၊ အရည်အသွေးကောင်းကော်ဖီထုတ်လုပ်ရေး ၁၈၆ ကြိမ်၊ နှစ်ရှည်ပင်စိုက်ပျိုးရေး ၁၇၁ ကြိမ်၊ သီးနှံအရည်အသွေးမြင့်မားရေး ၂၈၅၈ ကြိမ်၊ ဉပဒေ/ နည်းဉပဒေ ၁၀၂ ကြိမ်၊ စိုက်ပျိုးရေး စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်း GAP ၁၁၆၄၂ ကြိမ် ဆောင်ရွက်ပေးနိုင်ခဲ့သည်။
ICT စနစ်အသုံးပြု တောင်သူပညာပေး လုပ်ငန်းများအဖြစ် စိုက်ပျိုးပညာပေးရေး လုပ်ငန်းများဆိုင်ရာ Mobile application ၊ နှစ်ရှည်သီးနှံများ စိုက်ပျိုးထုတ်လုပ်ခြင်းဆိုင်ရာ Mobile application ၊ ပိုးမွှားရောဂါကျရောက်၊ ကာကွယ်နှိမ်နင်းမှုဆိုင်ရာ Mobile application များ ထုတ်ဝေခဲ့ပြီး စိုက်ပျိုးရေး Call Center Hot Line နံပါတ် ၀၁-၂၃၉၉၅၅၅ ဖြင့်လည်းကောင်း၊ ကြိုးဖုန်းနံပါတ် ၀၆၇-၄၁၀၁၃၉ ဖြင့်လည်းကောင်း၊ Viber ဖုန်းနံပါတ် ၀၉-၇၆၄၀၀၀၈၄၁ တို့ဖြင့် ဆက်သွယ်မေးမြန်း ၊ဖြေကြားပေးလျက်ရှိရာ ၂၀၁၉ ခုနှစ်အတွင်း ၄၃၃၉ ကြိမ် လက်ခံဖြေကြားပေးခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။