သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

ပျော့ရွာမြစ်ရေတင်လျှပ်စစ်စီမံကိန်းအား ကြည့်ရှု့အားပေး စျေးကွက်ဝင်သီးနှံများ စိုက်ပျိုးနိုင်ရေး ဆွေးနွေး

        စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန  အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး နှင့် စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း တို့သည် မေလ(၁၄)ရက်နေ့ နေ့လည်တွင် မြင်းမူမြို့နယ်၊ ပျော့ရွာလျှပ်စစ်မြစ်ရေတင် စီမံကိန်းသို့ရောက်ရှိကြပြီး စီမံကိန်းအကောင် အထည်ဖော် ဆောင်ရွက်နေမှုများကို ကြည့်ရှု့စစ်ဆေးကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆည်မြောင်းနှင့် ​ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)မှ စီမံကိန်းတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးစံပေါ် က ပျော့ရွာမြစ်ရေတင်စီမံကိန်းအား မြစ်ရေတင်စနစ် မူးမြစ်မှ လျှပ်စစ်စွမ်းအင်ကို အမီပြု၍ ဧက(၅၀၀၀)စီမံကိန်းအား အကောင်အထည်ဖော်ခဲ့ရာ လက်ရှိတွင် မိုးစပါးအောင်ရေနှင့် နွေသီးနှံများအား ရေပေးဝေမှုအခြေအနေများကို ရှင်းလင်း တင်ပြသည်။

         အတွင်းဝန်ဦးကျော်မင်းဦး က လျှပ်စစ်မြစ်ရေတင်ဖြင့် ဆောင်ရွက်ရသည့်အခါ၌ ရေတင် ကုန်ကျ စရိတ်အား (၁)ဧကလျှင် ကျပ်(၉၀၀၀)နှုန်းဖြင့်သာ ကောက်ခံခဲ့ကြောင်း၊ ကုန်ကျစရိတ်များ မှာ ထိုထက်ပို မိုကုန်ကျနေပါကြောင်း၊ ထို့အတွက် တောင်သူလယ်သမားများ မြစ်ရေတင်ဖြင့် ရေတင်စရိတ်ကို ပေးချေ နိုင်ရေးအတွက် ဝင်ငွေမြင့်မားသည့် အကျိုးအမြတ်ရရှိသော သီးနှံများကို စိုက်ပျိုးနိုင်ရေးနှင့် လျှပ်စစ်မြစ် ရေတင်ဖြစ်၍ ရေအလေအလွင့် မရှိစေရေး နည်းပညာများကို အသုံးချ၍ စိုက်ပျိုးဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားသည်။

စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က မြစ်ရေတင် စီမံကိန်းဧရိယာ အတွင်း စိုက်ပျိုးသော သီးနှံများ၏ စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ် လျော့ချ နိုင်ရေးနှင့် (၁)ဧကချင်း အပေါ် အကျိုးအမြတ်ဝင်ငွေ များပြားစွာရရှိသည့် စျေးကွက်ဝင်သီးနှံများ စိုက်ပျိုးနိုင်ရေးကို အသေးစိတ် ဆွေးနွေးမှာကြားသည်။

ပျော့ရွာလျှပ်စစ်မြစ်ရေတင်လုပ်ငန်းအား  အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးမြေ ဧက(၅၀၀၀)တွင် စပါး၊ ဝါ၊ နှမ်း၊ ဂျုံ၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများ သီးထပ်/သီးညှပ်တိုးတက်စိုက်ပျိုးထုတ် လုပ်နိုင်ခြင်း၊ မြစ်ရေတွင်ပါရှိလာသော သဲနှုန်းများ ပို့ချမှုကြောင့် ယာမြေများအား လယ်မြေအဖြစ်သို့ ပြောင်းလဲလာနိုင်သည့်အပြင် ပျော့ရွာဒေသ စိမ်းလမ်းစိုပြေရေး၊ ဒေသခံလူထုနှင့် ကျွဲ၊ နွား၊ တိရိစ္ဆာန်များ သောက်သုံးရေလိုအပ်ချက်ကို ဖြည့်ဆည်းအထောက်အကူပြုလျက်ရှိကြောင်း သိရှိရသည်။