သုတေသန ဦးစီးဌာနသတင်းများ

ပဲပုပ်သီးမျိုးသစ်များ၏ ရေ၊ မြေ၊ ဒေသ၊ ရာသီဥတုနှင့် လိုက်လျောညီထွေမှု ပဏာမစမ်းသပ်ခြင်းသုတေသနမှတ်တမ်း

စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဆီထွက်နှင့် ပဲမျိုးစုံသီးနှံ သုတေသနဌာနခွဲ၊ ပဲမျိုးစုံသီးနှံ သုတေသနဌာနစုမှ သုတေသနပညာရှင်များသည် ပဲမျိုးစုံသီးနှံများ၏ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပြောင်းလဲလာသော ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေမည့် သုတေသနလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ပဲမျိုးစုံသီးနှံ မျိုးမွေးမြူခြင်းအနေဖြင့် ပြည်တွင်း၊ ပြည်ပမှ မျိုးများ တင်သွင်းရွေးချယ်ခြင်း၊ မျိုးကူးစပ် မွေးမြူရွေးချယ်ခြင်း၊ မျိုးထွန်းနည်းဖြင့် မွေးမြူရွေးချယ်ခြင်း၊ မော်လီကျူလာနည်းဖြင့် မွေးမြူရွေးခြင်း အစရှိသော နည်းလမ်းများဖြင့် ဆောင်ရွက်လျက်ရှိသည်။

ပဲမျိုးစုံသီးနှံသုတေသနဌာနစုမှ ပဲပုပ်သီးနှံ သုတေသနပညာရှင်များသည် ရေ၊ မြေ၊ ရာသီဥတု ကွဲပြားခြားနားသော ဒေသအသီးသီးနှင့် သင့်တော်သော အထွက်ကောင်း ပဲပုပ်မျိုးသစ်များ ရှာဖွေဖော်ထုတ်နိုင်ရန်အတွက် ပြည်ပမှမျိုးများ တင်သွင်းရွေးချယ်ခြင်း နည်းလမ်းအဖြစ် ထိုင်းနိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့မှ မျိုးများတင်သွင်းကာ သုတေသနပြု ဆောင်ရွက်လျက်ရှိပါသည်။ ယခု မိုးနှောင်းရာသီတွင်လည်း အမေရိကန်နိုင်ငံမှ လက်ခံရရှိသော မျိုး (၉) မျိုးဖြစ်သည့် USA-0432၊ USA-0180၊ USA- 2929၊ USA- 5152၊ USA-8102၊ USA-8142၊ USA-8151၊ USA-8561 နှင့် USA-9201 တို့အား ရေဆင်းရှိ ပဲမျိုးစုံသီးနှံသုတေသနဌာနစု၏ ကွင်းသုတေသနစိုက်ခင်း၌လည်းကောင်း၊ ရှမ်းပြည်နယ် အောင်ပန်းနှင့် ကျောက်မဲသုတေသနခြံများ၌လည်းကောင်း စမ်းသပ်သုတေသနပြု စိုက်ပျိုးထားကာ မျိုးတစ်မျိုးချင်းစီ၏ အရည်အချင်းလက္ခဏာများ (ဥပမာ- သီးတောင့်ပုံစံ၊ သီးတောင့်အရောင်) ၊ အပင်ဖြစ်ထွန်းမှု အခြေအနေများ၊ အထွက်နှုန်းနှင့် အရည်အသွေးလက္ခဏာများ (ဥပမာ- ဆီပါဝင်မှု၊ ပရိုတင်းပါဝင်မှု) အား စနစ်တကျ မှတ်တမ်းတင် ကောက်ယူမည် ဖြစ်ပါသည်။

အဆိုပါ အမေရိကန်မျိုး (၉) မျိုး၏ ရေ၊ မြေဒေသနှင့် လိုက်လျောညီထွေမှုအား သိရှိရန်အတွက် မိုးနှောင်းရာသီတွင် ပဏာမသုတေသနအနေဖြင့် စမ်းသပ်စိုက်ပျိုးထားရှိခြင်းဖြစ်ကာ၊ ရှေ့လာမည့် မိုးရာသီတွင်လည်း ဆက်လက်သုတေသနပြု စမ်းသပ်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ပဲပုပ်သီးနှံ သုတေသနအနေဖြင့် မှတ်တမ်းတင်ဖော်ပြအပ်ပါသည်။