နယ်သတင်းများ သတင်းကဏ္ဍ

ပေါက်ခေါင်းမြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေး ပညာပေးသင်တန်း ဖွင့်လှစ်

ကျေးလက်နေ ပြည်သူများ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သည့် တောင်သူများ သီးနှံများ စိုက်ပျိုးရာတွင် နည်းပညာ ကြွယ်ဝစွာဖြင့် လက်တွေ့ အကောင်အထည် ဖော်နိုင်ရန်နှင့် ပြည်သူများ မသိရှိသေးသည့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ အကြောင်းအရာ အချက်အလက် များကို သိရှိစေရန် ရည်ရွယ်၍ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသ ဖွ့ံဖြိုးတိုးတက်ရေး ဦးစီးဌာနက ကြီးမှူး ဖွင့်လှစ်သော စိုက်ပျိုးရေး၊ မွေးမြူရေး ပညာပေးသင်တန်း ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ပေါက်ခေါင်းမြို့နယ် ညောင်ပင်အင်းရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် ကျေးလက်ဒေသ ဖွ့ံဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးခင်မောင်ဝင်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးတိုးအောင် မှ GAP စိုက်နည်းစနစ်ဖြင့် စိုက်ပျိုးရေး အလေ့အကျင့်ကောင်းများ ရရှိစေရေးနှင့် ပိုးသတ်ဆေး ဓာတ်ကြွင်းအန္တရာယ်များ အကြောင်း တို့ကို အသိပညာပေး ရှင်းလင်း ပြောကြားသည်။

အဆိုပါ စိုက်ပျိုးရေး မွေးမြူရေး အသိပညာပေး သင်တန်းကို မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနနှင့် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနတို့မှ ဒေသခံ တောင်သူ သင်တန်းသား၊ သင်တန်းသူ (၃၀)ဦးတို့အား စိုက်ပျိုးမွေးမြူရေးဆိုင်ရာ အကြောင်းအရာများကို ဇွန်လ ၃ ရက်မှ ၆ ရက်နေ့အထိ အသိပညာပေး သင်ကြားပေးမည်ဖြစ်ပြီး ကျေးလက်ဒေသ ဖွ့ံဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တောင်သူများ ထံသို့ စိုက်ပျိုးရေး နည်းပညာ စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင် (ပြန်/ဆက်)