စိုက်-မွေးသုတ

ပီလောပီနံ

ပီလောပီနံ

ပီလောပီနံပင်သည် နှစ်ရှည်ခံ ချုံပုတ်ပင်အမျိုးအစားဖြစ်ပြီး ပင်စည်မှာ သစ်သားကဲ့သို့ မာကျော၍ အူတိုင်အခေါင်းပွသည့် Euphobiaceae မျိုးရင်း၀င်အပင် ဖြစ်ပါသည်။ ​Cassava, Yucca, Manico စသည်ဖြင့် အမျိုးမျိုး ခေါ်ဆိုကြပြီး သိပ္ပံအမည်မှာ ​Manihot esculenta ဖြစ်ပါသည်။ ရှေးယခင်က ​Hydrocyanic acid ပါ၀င်၍ အဆိပ်ရှိသော သီးနှံအဖြစ် သတ်မှတ် ခဲ့ပြီး နောက်ပိုင်းတွင် တဖြည်းဖြည်း စားသုံးလာကြပါသည်။ Carbohydrate ပါ၀င်မှု တတိယ အများဆုံး သီးနှံ ဖြစ်ပြီး ကုန်ကျစရိတ် နည်းနည်းဖြင့် ထုတ်လုပ်နိုင်ပါသည်။

မူရင်းဒေသနှင့် ပျံ့နှံ့ပုံ

မူရင်းဒေသမှာ တောင်အမေရိကတိုက်၊ ဘရာဇီးနိုင်ငံဖြစ်ပြီး ၁၅ ရာစုမတိုင်မှီကတည်းက တွေ့ရှိခဲ့ပါသည်။ ၎င်းနောက် အာဖရိကတိုက်သို့ ပျံ့နှံ့ရောက်ရှိခဲ့ပါသည်။ ၁၈ ရာစု အနှောင်းပိုင်း ပိုင် မြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့ ပေါ်တူဂီတို့နှင့်အတူ ရောက်ရှိလာပြီး တစ်နိုင်ငံလုံးသို့ ပျံ့နှံ့ခဲ့ပါသည်။

စိုက်ပျိုးသည့်နိုင်ငံများနှင့် အထွက်နှုန်း

ကမ္ဘာပေါ်တွင် ပီလောပီနံစိုက်ပျိုးသော နိုင်ငံပေါင်း (၁၀၀) ခန့်ရှိပြီး အမေရိကတိုက်၊ အာဖရိကတိုက်နှင့် အာရှတိုက်တို့တွင် အဓိကစိုက်ပျိုးပါသည်။ အာရှတိုက်တွင် တစ်ကမ္ဘာလုံး၏ (၃၀) ရာခိုင်နှုန်းစိုက်ပျိုးပြီး ထိုင်းနိုင်ငံသည် နိုင်ငံခြားတင်ပို့မှု အများဆုံးထုတ်လုပ်သော နိုင်ငံဖြစ်ပါသည်။ ဒေသမျိုးများမှာ အထွက်နှုန်း တစ်ဧကလျှင် ပိဿာ (၂၅၀၀) ခန့်မှ (၄၅၀၀) ခန့်သာ ရှိပြီး အထွက်ကောင်းမျိုးများမှာ ပိဿာ (၄၀၀၀) မှ (၁၀၀၀၀) အထိ သွင်းအားစုပေါ် မူတည်၍ အထွက် ရရှိနိုင်ပါသည်။

ပါ၀င်သည့်အာဟာရဓာတ်များ

အသားဓာတ်၊ အမျှင်ဓာတ်၊ ကဆီဓာတ်နှင့် ဗီတာမင်စီဓာတ်နှင့် အဆီဓာတ် အနည်းငယ်ပါ၀င်ပါ သည်။

ကျန်းမာရေးအထောက်အကူပြုမှု အစာချေအင်ဇိုင်းများ ကောင်းမွန်စေရန် အထောက်အကူပြု ခြင်း၊ ကိုယ်ခန္တာအလေးချိန်ကျစေခြင်း၊ သွေးတွင်းအချိုဓာတ်နှင့် ကိုလက်စထရောလျှော့ချပေး ခြင်း၊ ကင်ဆာအဖုအကျိတ်ကာကွယ်ခြင်း၊ အရေပြားအိုမင်းရင့်ရော်မှုနှင့် ဆံပင်ကျွတ်ခြင်းကို ကာကွယ်ခြင်း၊ သွေးခုန်းနှုန်းထိန်းညှိပေးခြင်း၊ ခုခံအားတိုးမြှင့်စေခြင်း၊ အမျှင်ဓာတ်ပါ၀င်ခြင်း ကြောင့် ၀မ်းမချုပ်စေခြင်း၊ ဦးနှောက်နှင့် အာရုံကြောပုံမှန် အလုပ်လုပ်စေခြင်း စသော အကျိုး ကျေးဇူးများ ရရှိစေပါသည်။

အသုံးပြုနိုင်သော အစိတ်အပိုင်းနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ

            အရွက်နှင့်ဥတို့ကို လူတို့တိုက်ရိုက်စားသုံးနိုင်ပြီး အရွက်၊ ပင်စည်နှင့် ဥတို့အား တိရစ္ဆာန် အစာအဖြစ် တိုက်ရိုက်အသုံးပြုနိုင်ပါသည်။ တန်ဖိုးမြင့် ထုတ်ကုန်များဖြစ်သော ကော်ရည်၊ ကော်မှုန့်၊ အချိုမှုန့် အရက်နှင့် နို့မှုန့်အစားထိုးပစ္စည်းများကိုလည်းကောင်း၊ အိမ်သုံးဆေးဝါးများ အဖြစ် သွေးတိုး၊ ဆီးချို၊ ကင်ဆာနှင့် အူလမ်းကြောင်းဆိုင်ရာရောဂါ ကာကွယ်ဆေးများအဖြစ် လည်းကောင်း၊ လူသုံးကုန်ပစ္စည်းများအဖြစ်စက္ကူ၊ ချည်မျှင်၊ လေသေနတ် ကျည်ဆံနှင့် အလှကုန်ပစ္စည်းများအဖြစ်လည်းကောင်း၊ နွား၊ ၀က်၊ ဆိတ်၊ သိုး၊ ငါး စသည့် တိရစ္ဆာန်များအ တွက် အစာအဖြစ်လည်းကောင်း၊ ဇီ၀လောင်စာအဖြစ်လည်းကောင်း၊ လူတို့၏ နေ့စဉ်ဘ၀တွင် များစွာပါ၀င်လျှက်ရှိပါသည်။ ၎င်းအပြင် သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေး အထောက်အကူ ဖြစ်စေသော Bio-Plastic များကိုလည်း တွင်ကျယ်စွာ ထုတ်လုပ်အသုံးပြုလျှက်ရှိပါသည်။

စိုက်ပျိုးနိုင်သောရာသီဥတုနှင့်သဘာ၀အခြေအနေ

ပီလောပီနံသီးနှံသည် တောင်နှင့်မြောက်လတ္တီကျု ၃၀ ဒီဂရီတွင်း စိုက်ပျိုးဖြစ်ထွန်းနိုင် သောကြောင့် မြန်မာနိုင်ငံအနှံ့အပြား စိုက်ပျိုးနိုင်သော သီးနှံဖြစ်သည်။ မိုးရေချိန် ၃၀ လက်မမှ ၁၂၀ လက်မထိလည်းကောင်း၊  အပူချိန် ၂၅ မှ ၃၂ ဒီဂရီစင်ဒီဂရိတ်ထိလည်းကောင်း စိုက်ပျိုးဖြစ် ထွန်းနိုင်ပါသည်။ မြေချဉ်ငံဓါတ် ၄.၅ မှ ၆.၅ အတွင်း ဖြစ်ထွန်းနိုင်ပါသည်။ အရိပ်မကျရောက်၍ ရေစီးရေလာကောင်းမွန်သည့် သဲဆန်သောနုန်းမြေများတွင် ပိုမိုဖြစ်ထွန်းသည်။ စိုက်ပျိုးချိန်တွင် အစိုဓါတ်လုံလောက်စွာရရှိရန်လိုအပ်ပြီး ဥကြီးထွားချိန်တွင် အပူချိန်နှင့်အလင်းရောင် ကောင်း စွာရရှိရန် လိုအပ်ပါသည်။ အရိပ်ကျသောနေရာများတွင် စိုက်ပျိုးပါက အထွက်နှုန်း ၃၀ ရာခိုင်နှုန်း ကျဆင်းစေပြီး ဥကြီးထွားချိန်တွင် ရေ၀ပ်ခြင်းမရှိစေရန် အထူးဂရုပြုရပါမည်။

မျိုး

သီးနှံတစ်ခုအထွက်ကောင်းရန် စိုက်နည်းစနစ်အပြင် မျိုးကောင်ဖြစ်ရန်လည်း အဓိကအ ရေးကြီးသောအချက်တစ်ချက်ဖြစ်ပေသည်။ ပီလောပီနံမျိုးကောင်းများတွင် ပင်စည်အဆစ်စိပ် ခြင်း၊ ဥမြစ်ဖြစ်ထွန်းချိန်စောခြင်း၊ ရောဂါဒဏ်ခံနိုင်ခြင်း၊ အမျှင်ပါ၀င်မှုနည်းခြင်းနှင့် ကုန်ချော အထွက်ကောင်းခြင်း စသည့်အချက်များ ပါ၀င်ရပေမည်။

အထွက်ကောင်းစိုက်ပျိုးနည်းစနစ်

၎င်းနည်းစနစ်တွင် မြေပြုပြင်ခြင်း၊ စိုက်ဘောင်/မြေပုံပြုလုပ်ခြင်း၊ အပင်စိုက်ပျိုးခြင်း၊ ပေါင်းရှင်း၊ မြေသြဇာထည့် ဘောင်ထပ်ခြင်း၊ ပြုစုထိမ်းသိမ်းခြင်း၊ ရိတ်သိမ်းခြင်းနှင့် ရိတ်သိမ်း ချိန်လွန်နည်းစနစ်များ လိုက်နာဆောင်ရွက်ခြင်းတို့ ပါ၀င်ပါသည်။

ပီလောပီနံကို မိရိုးဖလာ မြေပုံစနစ်ဖြင့် စိုက်ပျိုးခဲ့သော်လည်း ယခုအခါတွင် စိုက်ဘောင် စနစ်ဖြင့် ပြောင်းလဲစိုက်ပျိုးခြင်းဖြင့် အထွက်နှုန်းတိုးတက်လျှက်ရှိပါသည်။ အမြင့် ၂ပေ၊ အကျယ် ၃ ပေ စိုက်ဘောင်များ ပြုလုပ်၍ မြေခံအဖြစ် ကြက်ချေးထည့်သွင်းခြင်း၊ ၆-၈ လက်မ အရွယ် မျိုးကိုင်းလေးများကို ၄၅ ဒီဂရီ စောင်းလျှက် တစ်ပင်နှင့်တစ်ပင် ၃ ပေခြားပြီး နှစ်တန်း သွား မျက်စောင်းထိုးအနေအထားဖြင့် စိုက်ပျိုးကြပါသည်။ စိုက်ပျိုးရာတွင် ခုတ်ပြီးသား မျိုး ကိုင်းများအား ၂၄ နာရီအတွင်း စိုက်ပျိုးရမည်ဖြစ်ပြီး မြေတွင်းသို့ သုံးပုံနှစ်ပုံ၀င်အောင် စိုက်ပျိုး ရပါမည်။ ဥမြစ် စတင်ချိန်တွင် ပေါင်းရှင်း၊ အစာကျွေး၊ ဘောင်ထပ်ခြင်း ပြုလုပ်ရပါမည်။ ၎င်း နောက် တစ်ပင်လျှင် အကောင်းဆုံး ကိုင်းနှစ်ကိုင်းသာ ချန်၍ ကျန်ကိုင်းတက်များအား ဖဲ့ထုတ် ပစ်ရပါမည်။ ဥများကို ၈ လမှ စတင်၍ တူးဖော်နိုင်ပြီး ၁၅ လကျော်မှ တူးဖော်လျှင် ကုန်ချောအထွက်နှုန်းကျ ဆင်းနိုင်ပါသည်။ မျိုးကိုင်းအဖြစ် ထုတ်လုပ်မည်ဆိုလျှင် ၁၀ လကျော်မှ ထုတ်လုပ်နိုင်ပြီး ၁၅ လ ကျော်မှ ထုတ်လုပ်လျှင်မူ အပင်ပေါက်ရာခိုင်နှုန်း ကျဆင်းနိုင်ပါသည်။

ပီလောပီနံအား စိုက်ပျိုးချိန်မှစ၍ ရိတ်သိမ်းပြီး သိုလှောင်သိမ်းဆည်းသည့်အချိန်ထိ လုပ် ဆောင်ရမည့် လုပ်ငန်းများကို အချိန်အခါကိုက် လုပ်ဆောင်ခြင်းဖြင့် မျှော်မှန်းထားသည့် အထွက် နှုန်းနှင့် စံချိန်မီ အရည်အသွေးကို ရရှိနိုင်မည်ဖြစ်ပါသည်။ ကုန်ချောထုတ်လုပ်ပြီး ထွက်ရှိလာ သည့် စွန့်ပစ်ပစ္စည်းများနှင့် အပင်၏ အစိတ်အပိုင်းများအား မြေဆွေးပြုလုပ်၍ စိုက်ခင်းများအ တွင်း ထည့်သွင်းခြင်း စိုက်ပျိုးရေး မှိုထုပ်များ ပြုလုပ်၍ မှိုမွေးမြူနိုင်ခြင်းနှင့် တိရစ္ဆာန်များအား အစာအဖြစ် ကျွေးမွေးနိုင်ခြင်း စသည်တို့ ပြုလုပ်နိုင်ပါသည်။

ပီလောပီနံသည် လမ်းပန်းဆက်သွယ်ရေးညံ့ပြီး ဖွံ့ဖြိုးမှုနည်းသော ဒေသများတွင် စိုက် ပျိုးထုတ်လုပ်နိုင်သောကြောင့် ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေပြီး ဖွံ့ဖြိုးတိုးတက် စေနိုင်ပါသည်။ ၎င်းအပြင် ကိုယ်တိုင်ကုန်ချောထုတ်လုပ်နိုင်ပြီး ပြည်ပနိုင်ငံများသို့ တင်ပို့ပြီးနိုင် ၍ နိုင်ငံခြားငွေရရှိနိုင်သော သီးနှံလည်းဖြစ်သည်။

ထို့ကြောင့် ပီလောပီနံသည် လူသားတို့နှင့် သဘာ၀ပတ်၀န်းကျင်ကို ထိခိုက်မှုနည်းပြီး နိုင်ငံခြား၀င်ငွေရရှိနိုင်သောကြောင့် စိုက်ပျိုးသင့်သော သီးနှံတစ်ခုဖြစ်ပေသည်။

ရောဂါနှင့်ပိုးမွှားများ

ပင်စည်ပုတ်ရောဂါ၊ ဥပုတ်ရောဂါ၊ ရွက်ပြောက်ရောဂါနှင့် သစ်ရည်စုပ်ဂျပိုးများ ကျရောက်တတ်သော်လည်း မြန်မာနိုင်ငံတွင်မူ ဆိုးဆိုးရွားရွားကျရောက်မှု မရှိပေ။ စိုက်ပျိုးမြေတွင် ထုံးထည့်ပေးခြင်း၊ မျိုးကိုင်းများအား ဆေးစိမ်စိုက်ပျိုးခြင်းအားဖြင့် ဥပုတ်ရောဂါနှင့် မှိုရောဂါများအား ကာကွယ်နိုင်ပါသည်။

ရိတ်သိမ်းချိန်လွန်နည်းပညာ

ဥများကိုတူးဖော်ပြီး ၂၄ နာရီအတွင်း အခြားအဆင့်တစ်ခုသို့ ပြောင်းလဲပစ်ရန် လိုအပ်ပါ သည်။ ပီလောပီနံမှုန့်ထုတ်လုပ်ရာတွင် တူးဖော်ပြီး ၂၄ နာရီအတွင်း  ထုတ်လုပ်နိုင်မှသာ အရည်အသွေး ကောင်းမွန်မည်ဖြစ်သည်။ ပီလောပီနံမှုန့်များကို အိတ်ခွံများအတွင်း သိမ်းဆည်း၍ အခန်းအပူချိန်တွင် ၂ နှစ်အထိ သိုလှောင်နိုင်ပြီး စျေးကွက်ပေါ်မူတည်၍ ရောင်းချ နိုင်သည်။ ပီလောပီနံကွင်းခြောက်ပြုလုပ်ရာတွင်လည်း ၂၄ နာရီအတွင်း လှီးဖြတ်ပြီး နေပြင်း ပြင်းတွင် ၂ ရက် လှမ်းပေးရန်လိုအပ်သည်။ ကွင်းခြောက်များကို အိတ်များအတွင်း သိမ်းဆည်း၍ ​(5-25).C အအေးခန်းတွင် ၆ လခန့် သိုလှောင်ထားနိုင်ပေသည်။ ရိတ်သိမ်းပြီး မျိုးကိုင်းများကို နွေရာသီတွင် သိမ်းဆည်းလိုပါက သေချာစွာစည်း၍ လေ၀င်လေထွက် ကောင်းပြီး အရိပ်ရသော နေရာတွင် မျိုးကိုင်း၏ အောက်ခြေများကို မြေကြီးနှင့်ထိ၍ ထောင် လျက်အနေအထားဖြင့် သိမ်းဆည်းရမည်။ မိုးရာသီတွင် သိမ်းဆည်းလျှင် လေ၀င်လေထွက် ကောင်းပြီး အမိုးနှင့် အောက်ခံအခင်းရှိသော နေရာတွင် ထောင်လျက်အနေအထားဖြင့် သိမ်း ဆည်းရမည်။

မျှော်မှန်းနိုင်သောစျေးကွက်အလားအလာ

တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံသည် တစ်ကမ္ဘာလုံး၏ ပီလောပီနံမှုန့်၀ယ်လိုအား၏ ၉၀ ရာခိုင်နှုန်းခန့်ရှိပါသည်။ မြန်မာနိုင်ငံ၏ ရေမြေအနေအထားမှာ တစ်နိုင်ငံလုံး ပီလောပီနံ စိုက်ပျိုး နိုင်သည့် အနေအထားတွင်ရှိပြီး စျေးကွက်၀ယ်လိုအားကောင်းသော နိုင်ငံနှစ်ခုကြားတွင် တည်ရှိ သောကြောင့် နိုင်ငံခြား၀င်ငွေ ရရှိရန် စိုက်ပျိုးသင့်သော စက်မှုသီးနှံတစ်ခုဖြစ်ပါသည်။

စိုက်ပျိုးခြင်းအကျိုးကျေးဇူး

ကော်ဖီပင်ငယ်စဉ်အခါတွင် အရိပ်ရသောကြားသီးနှံအဖြစ် စိုက်ပျိုးနိုင်သည်။ ပီလောပီနံ စိုက်ပျိုးပြီးချိန်တွင် စိုက်ဘောင်များပေါ်၌ သက်တမ်းတို ဟင်းသီးဟင်းရွက်ပင်များကို ကျဲပက် စိုက်ပျိုးခြင်းဖြင့်လည်းကောင်း၊ နေကြာ၊ ပြောင်း စသော သီးနှံများကို ကြားသီးနှံအဖြစ်လည်း ကောင်း စိုက်ပျိုးထုတ်လုပ်၍ ၀င်ငွေ နှစ်ခုရရှိနိုင်ပါသည်။ ဘောင်ထပ်ပြီးချိန်တွင် စိုက်ဘောင် များပေါ်တွင် ပဲကျဲ၍ စိုက်ပျိုးခြင်းဖြင့် အစိုဓာတ်ထိမ်းပေးပြီး၊ မြေသြဇာကောင်းမွန်စေပါသည်။ အကြမ်းခံသောသီးနှံဖြစ်၍ ပြုစုထိမ်းသိမ်းစရိတ် ကုန်ကျမှု သက်သာသည်။

ရိတ်သိမ်းချိန်တွင် စျေးကွက်အရ မရိတ်သိမ်းနိုင်လျှင် အပင်တွင် ဆုံးရှုံးမှုမရှိစေဘဲ ဆက် လက်ထားရှိနိုင်ပြီး ကုန်ချောများအား သိုလှောင်နိုင်ပါသည်။ ရောဂါနှင့်ပိုးမွှား ခံနိုင်ရည်ရှိ၍ ဓါတုဆေးဝါးသုံးဆွဲမှု သက်သာပြီး ဓါတ်ကြွင်းအာနိသင်နည်းသောကြောင့် စားသုံးသူ၊ စိုက်ပျိုး သူနှင့် သဘာ၀ပတ်၀န်းကျင်ကို ထိခိုက်မှုမရှိခြင်း စသော အကျိုးကျေးဇူးများ ရရှိစေပါသည်။

ပီလောပီနံသီးနှံသည် စက်မှုကုန်ကြမ်းသီးနှံတစ်ခုဖြစ်သည့်အပြင် ကမ္ဘာ့နိုင်ငံအတော် များများတွင် အဓိကစားသောက်သောသီးနှံဖြစ်ပြီး လူတို့၏ နေ့စဉ်ဘ၀တွင် များစွာပါ၀င် နေသော ကြောင့် အကျိုးရှိသော သီးနှံအဖြစ် စိုက်ပျိုးသင့်ပေသည်။

ဤပို့စ်ပါအချက်အလက်များအား စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီ-ရာသီဌာနခွဲမှ ရရှိသည်။