မျိုးစေ့ကဏ္ဍဘက်စုံဖွံ့ဖြိုးရေးစီမံကိန်း (ISSD Project) မှ ကျင်းပသည့် ပဉ္စမ အကြိမ် မျိုးစေ့ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အမျိုးသားအဆင့်ဆွေးနွေးပွဲ ကို မေလ ၁၄ ရက် နံနက် ၉ နာရီအချိန်က နေပြည်တော် ဟိုတယ်ဇုံရှိ Park Royal Hotel ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားတွင် စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်း က အဖွင့်အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသက်ဇင်မောင်၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်လွင်ဦး ၊ မျိုးစေ့ဌာနခွဲ ညွှန်ကြားရေးမှူး ဦးသူရစိုး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နယ်သာလန်နိုင်ငံ Wageningen University နှင့် အိန္ဒိယနိုင်ငံ ၊ ယုဂန္ဓာနိုင်ငံ တို့မှ ပညာရှင်များအပါအဝင် ပြည်တွင်းပြည်ပ မျိုးစေ့ဆိုင်ရာကျွမ်းကျင်သူများ၊ မျိုးစေ့လုပ်ငန်းရှင်များ နှင့် မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးကြသည်။
မျိုးစေ့ဆိုင်ရာ မျိုးစေ့ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့်ဆွေးနွေးပွဲ တွင် ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်း က အဖွင့်အမှာစကားပြောကြားရာ၌ သဘာဝ ပတ်ဝန်းကျင် နှင့် သဟဇာတရှိသည့် မျိုးစေ့ထုတ်လုပ်ငန်းများစွာ ပေါ်ထွန်းလာရေး၊ စီးပွားဖြစ် မျိုးစေ့ထုတ်လုပ်ငန်းဆောင်ရွက်ရာတွင် နည်းပညာ စျေးကွက် နှင့် သတင်းအချက် အလက် စသည့်လိုအပ်ချက်များ ဖြည့်ဆည်းကူညီပံ့ပိုးပေးရန် သက်ဆိုင်သူ အားလုံးတို့က လက်တွဲ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မျိုးစေ့ဆိုင်ရာ ဥပဒေ နည်းဥပဒေများကို ခေတ်စနစ်နှင့်အညီ လုပ်သာကိုင်သာရှိစွာဖြင့် ထိရောက်သောကာကွယ်ပေးနိုင်မှုရှိစေရန် ပြင်ဆင်မွမ်းမံနိုင်ရေး ကြိုးပမ်းဆောင်ရွက်နိုင်မှ သာ နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဝင်စားမှု နှင့် လာရောက်ရင်းနှီးမြှုပ်နှံစေရေး ကို အထောက်အကူဖြစ်စေနိုင်မှာ ဖြစ်ကြောင်း ပြောကြားသည်။
စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် စိုက်ပျိုးရေး ဖွံ့ဖြိုး တိုးတက်မှု မဟာဗျူဟာ (ADS) ကို ရေးဆွဲအကောင်အထည်ဖော်လျက်ရှိရာ အရည် အသွေးပြည့်ဝပြီး ဘေးအန္တရာယ်ကင်းစင်သည့် သီးနှံအမယ်များစိုက်ပျိုးထုတ်လုပ်ပြီး ကမ္ဘာ့စျေးကွက်၌ ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန် မျိုးစေ့ကဏ္ဍတိုးတက်ရေးမှာ အဓိက လိုအပ်ချက်တစ်ခုဖြစ်သည်။
မျိုးစေ့ကဏ္ဍဖွံ့ဖြိုးရေး အတွက် နယ်သာလန်နိုင်ငံအစိုးရ၏ နည်းပညာဆိုင်ရာ ကူညီပံ့ပိုးပေးခြင်း၊ ပညာရပ်ပိုင်းဆိုင်ရာကျွမ်းကျင်မှုများ နှင့် ပညာရပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် မြင့်မားရေး တို့အတွက် သင်တန်းများဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ကမ္ဘာ့ဘဏ် (World Bank – IFC) ကလည်း ထောက်ပံ့ကူညီပေးလျက်ရှိသည်။
မျိုးစေ့ သတင်းအချက်အလက်များကို မျိုးစေ့လုပ်ငန်းဆောင်ရွက်မည့် ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်များအလွယ်တကူရယူအသုံးပြုနိုင်ရေးအတွက် Myanmar Seed Portal website ကို ထုတ်လွှင့်ပေးပြီးဖြစ်သကဲ့သို့ မျိုးစေ့ကဏ္ဍဖွံဖြိုးတိုးတက်ရန် အစိုးရ၊ပုဂ္ဂလိက၊ INGOs ၊NGOs ၊ မျိုးစေ့ထုတ်သူများ ပူးပေါင်းပြီးတော့ လွယ်ကူရိုးရှင်းသည့် အစီအစဉ် တစ်ရပ် ဆောင်ရွက်နိုင်ရေး ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြေင်း မျိုးစေ့ဌာနခွဲ ညွှန်ကြားရေးမှူး ဦးသူရစိုး က ပြောသည်။
မြန်မာနိုင်ငံ၏ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ တိုးတက်စေရေး၊ မျိုးစေ့ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးရေး နှင့် အဆင့်မြင့်နည်းပညာကဏ္ဍများတွင် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ မျိုးစေ့ကဏ္ဍဘက်စုံဖွံ့ဖြိုးရေး အတွက် ကမ္ဘာ့ဘဏ် နှင့် နယ်သာလန်နိုင်ငံ ၊ ဂျာမနီ စတဲ့ ပြည်ပအဖွဲ့အစည်းများ ပညာရှင်များက အားပေး ကူညီနေ သကဲ့သို့ သက်ဆိုင်ရာဌာနများ၊ ပြည်တွင်းပညာရှင်များ ရင်းနှီးမြုပ်နှံသူများ တောင်သူများ အားလုံးတို့ကလည်း မိမိတို့၏ အတွေးအခေါ်ယူဆချက်များနှင့် နည်းပညာသစ်များကို ဖလှယ် နိုင်ကြစေရေး အတွက် ယနေ့ ဆွေးနွေးပွဲကို ကျင်းပရခြင်း ဖြစ်ကြောင်း ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသက်ဇင်မောင် က ပြောသည်။
မျိုးစေ့ကဏ္ဍဘက်စုံဖွံ့ဖြိုးရေးစီမံကိန်း (ISSD Project) ကို နယ်သာလန်နိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး Public–Private-Partnership(P.P.P) ပူးပေါင်း ဆောင်ရွက် ရေး၊ မျိုးစေ့ကဏ္ဍကဏ္ဍဖွံ့ဖြိုးလာရေးအတွက် ဥပဒေ စည်းမျဉ်းများအား ပိုမိုအားကောင်း လာစေရေးနှင့် ပြည်သူ အားလုံးသိရှိလိုက်နာနိုင်စေရေး ၊ စပါးသီးနှံအပါအဝင် ဆီထွက်သီးနှံ၊ ပဲမျိုးစုံသီးနှံများ၏ မျိုးအရည်အသွေး မြှင့်တင်ခြင်းနှင့် မျိုးသန့်ပွားများထုတ်လုပ်ပေးခြင်း၊ စီးပွားဖြစ် မျိုးသန့်မျိုးပွား မျိုးစေ့ထုတ်လုပ်ငန်းများ ပေါ်ထွန်းလာစေပြီး တောင်သူများ မျိုးကောင်းမျိုးသန့် မျိုးစေ့များကို အလွယ်တကူ နှင့် လုံလောက်စွာ သုံးစွဲနိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန က ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။