ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

နိုင်ငံဝန်ထမ်းများ၏ စိတ်အပန်းဖြေ လျှော့ ပေးနိုင်ရေး နှင့် ကိုယ်လက် ကျန်းမာ ကြံ့ခိုင်မှု တိုးတက်ရေး တို့ အတွက် ဌာနအလိုက် အားကစား ဆပ်ကော်မတီများ ဖွဲ့စည်း ဆောင်ရွက် သွားမည်

လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းအားရှိသမျှ ကြိုးစားအားထုတ်လျက် ရှိသည့် မိမိတို့ဝန်ကြီးဌာန နိုင်ငံဝန်ထမ်းများ၏ စိတ်အပန်းဖြေလျှော့ပေးနိုင်ရေး နှင့် ကိုယ်လက်ကျန်းမာ ကြံ့ခိုင်မှုတိုးတက်ရေးတို့အတွက် ဌာနအလိုက် အားကစား ဆပ်ကော်မတီ များ ဖွဲ့စည်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ အလားတူ ကိုဗစ်-၁၉ ကြောင့် ရပ်နားခဲ့ရသည့် ကွင်းသရုပ်ပြပွဲများ နှီးနှောဖလှယ်ပွဲများ စသည့် နည်းပညာပြန့်ပွားရေးလုပ်ငန်းများကို ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ပြန်လည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မေလ ၂၂ ရက်နေ့ နံနက်ပိုင်းက စိုက်ပျိုးရေးသုတေသနဦးစီးဌာန နဝရတ်ခမ်းမ ၌ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန  ဒုတိယ ဝန်ကြီး ဒေါက်တာအောင်ကြီး က ပြောကြားသည်။

          ဒုတိယဝန်ကြီးက ဆက်လက်ပြောကြားရာတွင် ကမ္ဘာ့ကူးစက်မြန်ကပ်ရောဂါ ကိုဗစ်-၁၉ အား အမြစ်ပြတ်ကုသနိုင်သည့် ဆေးဝါးများမရရှိသေးမီ ကာကွယ်ရေးနည်းလမ်းများဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အရှိန်အဟုန်မပျက်ဆောင်ရွက်သွားရန် လိုအပ် ကြောင်း၊ စားနပ်ရိက္ခာ ဖူလုံရေး နှင့် ပို့ကုန်တိုးမြှင့်ရေး အတွက် ရာသီအလိုက် စဉ်ဆက်မပြတ် ဆောင်ရွက်နေရသော လုပ်ငန်းများဖြစ်ရာ စိုက်ပျိုး မွေးမြူရေး ဆိုင်ရာ နည်းပညာ အသိပညာ ပြန့်ပွားရေး နှင့် သတင်းအချက် အလက်မျှဝေပေးခြင်းလုပ်ငန်းများမှာ အချိန်ကာလ စောင့်ဆိုင်း နေ၍မရကြောင်း ၊ သို့ဖြစ်ရာ ကွင်းသရုပ်ပြပွဲများ၊ နည်းပညာပေးသင်တန်းများ နှင့် ဆွေးနွေး ပွဲများကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ အမြန်ဆုံး စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊

အလားတူ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန် အခြေခံကျသည့် အဓိကလိုအပ်ချက် ၄ ချက်ဖြစ်သော လျှပ်စစ်ဓာတ်အားရရှိရေး၊ လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေး၊ ဆက်သွယ် ရေးစနစ် ကောင်းမွန်စေရေး နှင့် လူသားအရင်းအမြစ်များ တိုးတက်ကောင်းမွန်စေရေးတို့ ကို ဦးစားပေးဆောင်ရွက်သွားရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၏ လမ်းညွှန်ထားရှိချက် နှင့် အညီ နိုင်ငံဝန်ထမ်းများစိတ်ပိုင်း ရုပ်ပိုင်း ကျန်းမာဖွံ့ဖြိုးရေး၊ ဝန်ထမ်းအချင်းချင်း ပူးပေါင်း ဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်နိုင်ရေး တို့ကို ရည်ရွယ်၍ ဌာနအလိုက် အားကစား နည်းများအလိုက် တာဝန်ယူ လုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်း၊ အားလုံးပါဝင်ပြီး တက်ကြွ လန်းဆန်းသော ဝန်းကျင် အဖြစ် ဖော်ဆောင်နိုင်ရေး မျှော်မှန်း ဆောင်ရွက်ခြင်းဖြစ်သော်လည်း တစ်ချိန်က ပြည်တွင်း ပြည်ပ အားကစားပြိုင်ပွဲများတွင် ဂုဏ်ဆောင်နိုင်ခဲ့သော မိမိတို့ဝန်ကြီး ဌာန ၏ အစဉ်အလာကို ပြန်လည် ဖော်ဆောင်ပေးနိုင်သည့် အားကစားသမားများ ပေါ်ထွန်း လာပါကလည်း ထိုက်ထိုက်တန်တန် ချီးမြှောက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

တွေ့ဆုံပွဲသို့ အမြဲတမ်းအတွင်းဝန် နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ ၊ စိုက်ပျိုးရေးတက္ကသိုလ် နှင့် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် တို့မှ ပါမောက္ခချုပ်များ တက်ရောက်ခဲ့ကြပြီး ဌာနအလိုက် တာဝန်ယူဆောင်ရွက်မည့် နည်းပညာပြန့်ပွားရေး ဆိုင်ရာ ကိစ္စရပ်များ၊ အားကစားဆပ်ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ရေးဆိုင်ရာ အစီအမံများကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။