နိုင်ငံတော်အဆင့်သတင်း သတင်းကဏ္ဍ

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်   မြို့ကြီးရေလှောင်တမံသို့ ရောက်ရှိ

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် သည်  မေလ ၁၇ ရက် နံနက် ၁၁ နာရီခွဲအချိန်တွင် မြို့ကြီးရေလှောင်တမံသို့ ရောက်ရှိရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ နှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် စက်လှေဖြင့် တမံအတွင်း ရေသိုလှောင် ထားရှိမှုနှင့် ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး ဆောင်ရွက်ထားရှိမှုကို လိုက်လံကြည့်ရှုသည်။ ထိုသို့ လိုက်လံကြည့်ရှုစဉ် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ အောင်သူနှင့် ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင် တို့က မြို့ကြီး ရေလှောင်တမံဆိုင်ရာ အချက်အလက်များ၊ စိုက်ပျိုးရေ ဖြန့်ဝေပေးနေမှု စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မော်တော်ယာဉ်များဖြင့် တမံပတ် လမ်းအတိုင်း တမံ တည်ဆောက်ထားမှု အခြေအနေနှင့် ရေယူ အဆောက်အဦအား လိုက်လံကြည့်ရှုရာ ပြည်ထောင် စုဝန်ကြီးနှင့် တာဝန်ရှိသူများက စိုက်ပျိုးရေပေးဝေနေမှု၊ ရေသိုလှောင် ထားရှိမှုနှင့် တမံအခြေ အနေတို့ကို ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် မြို့ကြီးရေအားလျှပ်စစ်ဓာတ် အားပေးစက်ရုံအား ကြည့်ရှုသည်။

မြို့ကြီးရေလှောင်တမံ တည်ဆောက် နိုင်ခြင်းကြောင့် ဇော်ဂျီရေ လှောင်တမံမှ ထုတ်လွှတ်လိုက်သော ရေများနှင့် ရေလှောင်တမံ နှစ်ခုအကြား စီးဆင်း လာသည့် ရေများကို စုပေါင်းသိုလှောင်၍ လျှပ်စစ်ဓာတ်အားမဂ္ဂါဝပ် (၃၀) ထုတ်လုပ်နိုင်ပြီး ကျောက်ဆည်ခရိုင် အတွင်းရှိ ဇော်ဂျီဆည် ရေသောက် ဧက (၈၂၀၀၀) ကို ရေပေးဝေနိုင် ခဲ့သည့်အပြင် မိတ္ထီလာလွင်ပြင်ရှိ ဧက (၃၃၀၀၀) ကိုလည်း စိုက်ပျိုးရေပေးဝေလျက်ရှိကြောင်း သိရသည်။

ထို့ပြင် ဇော်ဂျီရေလှောင်တမံ အထက်ပိုင်းတွင် တည်ဆောက်ဆဲ ကျိုင်းခမ်း ရေလှောင်တမံပြီးစီးပါက စီးဆင်းလာမည့် ရေ ၁၁ ဒသမ ၅ သိန်းဧကပေကို ထိန်းချုပ်နိုင်ပြီး ဇော်ဂျီရေသောက်စနစ်အတွက် ရေပမာဏ(၇)သိန်းနှင့် ကင်းတားလက်ယာမြောင်း၏ ပြောင်းပြာငလိုင်းဇင်ရေသောက်ဧရိယာအတွက် ရေပမာဏ ၄ဒသမ၅သိန်းကိုလည်း ထုတ်လွှတ်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါစက်ရုံတွင် (၁၅) မဂ္ဂါဝပ် စက်၂ လုံး တပ်ဆင်ထားကာ တစ်နှစ်လျှင် ယူနစ်သန်းပေါင်း ၁၃၅ သန်းခန့် ထုတ်လုပ်နိုင်ပြီး ထွက်ရှိလာသည့် လျှပ်စစ်ဓာတ်အားကို နိုင်ငံတော်ဓာတ်အားစနစ်နှင့် ချိတ်ဆက်ဖြန့်ဖြူးလျက်ရှိကြောင်း သိရသည်။