နယ်သတင်းများ သတင်းကဏ္ဍ

ဓနုဖြူတွင် လူထုဗဟိုပြုစီမံကိန်း ပထမနှစ်စက်ဝန်းပြီးဆုံးမှုအား သက်ဆိုင်သူအဖွဲ့အစည်းပေါင်းစုံ သုံးသပ်ဆွေးနွေးပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၈-၂၀၁၉ တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော လူထုဗဟိုပြုစီမံကိန်း ပထမနှစ်စက်ဝန်း ပြီးဆုံးပြီဖြစ်သောကြောင့် မြို့နယ်အဆင့် သက်ဆိုင်သူ အဖွဲ့အစည်းပေါင်းစုံပါဝင်သော သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ပြည်လုံးချမ်းသာ စေတီတော်မြတ်ကြီးအတွင်းရှိ ခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗပြုစီမံကိန်း မန်နေဂျာ ဦးလှခိုင်က လူထုဗဟိုပြု စီမံကိန်း လုပ်ဆောင်နေသော ပထမနှစ်မြို့နယ်များမှ စီမံကိန်းအကြောင်း စတင်မိတ်ဆက်ခဲ့ပြီး ယခင်နှင့်မတူ လူထုအခြေပြု ဆောင်ရွက်ခဲ့သော လုပ်ငန်းစဉ်များကို ကျေးရွာမှ လက်တွေ့အကောင်အထည်ဖော်သည့် ကာလနှင့် ကွာခြားပုံများ၊ စီမံကိန်းအကြောင်းများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ လူထုဗဟိုပြုစီမံကိန်း၊ ကမ္ဘာ့ဘဏ်ကိုယ်စားလှယ် ဒေါ်သင်္ဂီမင်းက စီမံကိန်းအကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဦးက လူထုဗဟိုပြုစီမံကိန်းနှင့် ဌာနဆိုင်ရာများ၊ ကျေးရွာနေပြည်သူများ အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့သည့် အတွက် ယခုလို အောင်မြင်ခဲ့ကြောင်း၊ ဒုတိယနှစ် စီမံကိန်းစက်ဝန်းကိုလည်း ယခုကဲ့သို့ ဆက်လက်ဆောင်ရွက်စေလိုကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

ယင်းနောက် အကောင်းဆုံးဆောင်ရွက်ခဲ့သည့် ကျေးရွာအုပ်စုများထဲမှ ဆကာကြီးကျေးရွာအုပ်စုက ပထမ၊ အကျော်ကျေးရွာ အုပ်စုက ဒုတိယ၊ သဘောသပြုကျေးရွာအုပ်စုက တတိယဆုကို လည်းကောင်း၊ ကျေးရွာအဆင့်တွင် ပထမဆုကို ပြင်ကသာကျေးရွာအုပ်စုမှ ဆိပ်သာငူကျေးရွာ၊ ဒုတိယဆုကို သဘောသပြုကျေးရွာအုပ်စုမှ တလိုင်ဘုန်းကျေးရွာ၊ တတိယဆုကို သပြုပင်ကျေးရွာအုပ်စု ချမ်းသာကျေးရွာက လည်းကောင်း အသီးဦး ရရှိခဲ့ကြပြီး ဆုရရှိသည့် ကျေးရွာအုပ်စုများနှင့် ကျေးရွာများကို ဧရာဝတီတိုင်းဒေသကြီး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးနေထက်ရှိန်နှင့် တာဝန်ရှိသူများက ဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ဓနုဖြူမြို့နယ်တွင်ဆောင်ရွက်နေသည့် လူထုဗဟိုပြုစီမံကိန်း ပထမနှစ်စက်ဝန်းတွင် ကျေးရွာများ၌ ကျေးရွာလမ်း (၂၁၄) လမ်း၊ တံတား (၃) စင်း၊ ကျေးရွာမီးလင်းရေး (၃) ရွာနှင့် ရေပေးဝေရေး (၃) ခုတို့ကို ဆောင်ရွက်နိုင်ခဲ့ပြီး စီမံကိန်းလုပ်ငန်းပေါင်း (၂၂၃) ခု ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

ATH(DNP)