နိုင်ငံတော်အဆင့်သတင်း သတင်းကဏ္ဍ

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ကော်ဖီ နည်းပညာ ဖွံ့ဖြိုးရေးခြံ (နတ်ရေကန်) သို့ ရောက်ရှိ

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ သည် မတ်လ ၁၆ ရက် မွန်းလွဲ ၂ နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် နတ်ရေကန်ကော်ဖီခြံ သို့ ရောက်ရှိပြီး မကွေး တိုင်းဒေသကြီးအတွင်းရှိ ကော်ဖီစိုက်ပျိုးရန် ရေမြေရာသီဥတု သင့်​လျော်ပြီး အောင်မြင် ဖြစ်ထွန်း နိုင်သော အလား အလာကောင်းများရှိနေသည့် မင်းတုန်း၊ ပဒါန်း၊ ငဖဲ၊ စတုတ္တရာ မြို့နယ်များတွင် ကော်ဖီစိုက်ပျိုးရေး နည်းပညာပေး လုပ်ငန်းဆောင်ရွက်ရန်၊ ဒေသခံများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်လာစေရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးရန်၊ ခိုင်မာသောစျေးကွက် ချိတ်ဆက် ဆောင်ရွက်ပေးနိုင်ရေး ၊ လတ်တလော ပြည်ပစျေးကွက်၏ စိတ်ဝင်စားမှုရရှိနေသည့် အရည်အသွေးမြင့် ပို့ကုန် မြန်မာ့ကော်ဖီ စိုက်ပျိုးထုတ်လုပ်မှုတွင် မကွေးတိုင်း အနောက်ခြမ်းနှင့် ရခိုင်အရှေ့ခြမ်းကျေးရွာများ မှ ကော်ဖီလည်း ပါဝင်လာနိုင်စေရေး လမ်းညွှန် မှာကြားသည်။

မကွေးတိုင်းအနောက်ခြမ်းနှင့် ရခိုင်ရိုးမအရှေ့ဘက်ခြမ်း ဆက်စပ်ဒေသများ၌ အရှိုချင်း တိုင်းရင်းသား များ နေထိုင်မှု များပြားပြီး ဒေသနေပြည်သူများ၏ လူမှု စီးပွား များဖွံ့ဖြိုးရေးတိုးမြှင့်ဆောင်ရွက်ပေးရန် လိုအပ် သော ဒေသတစ်ခုလည်းဖြစ်သည်။

ဒုတိယသမ္မတ သည် ဒေသခံကော်ဖီစိုက်ပျိုး လိုသောတောင်သူများ၏ အခက်အခဲများကို မေးမြန်းပြီး စိုက်ပျိုးရေးဦးစီးဌာနမှ ညှိနှိုင်းဖြေရှင်းပေးရန် တာဝန် ရှိသူများအား လမ်းညွှန် မှာကြားသည်။

နတ်ရေကန်ကော်ဖီခြံသည် မကွေးတိုင်း ဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် အတွင်း တည်ရှိပြီး မင်းဘူးမြို့မှ (၅၃)မိုင်အကွာ ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးသို့ ဆက်သွယ်ပေးသော ရိုးမ ဖြတ်ကျော်လမ်း မင်းဘူး-အမ်းသွား ကားလမ်းပေါ်တွင် တည်ရှိပြီး၊ ခြံဧရိယာမှာ(၄၀.၈၅)ဧက ကျယ်ဝန်းသည်။ ခြံအတွင်း၌ ကုန်းမြင့် ကော်ဖီဖြစ်သည့် အာရေးဗီးကား မျိုးစိပ်များဖြစ်သော ကက်တီမိုး (SL-28 ၊ SL- 34)စသည့် အရည်အသွေးမြင့် ကော်ဖီ မျိုးများကို (၂၀၀၁)ခုနှစ်တွင် စတင် စိုက်ပျိုး ထားခဲ့ပြီး မကွေးတိုင်း အနောက်ခြမ်း ဒေသ များ သို့ ကော်ဖီပျိုးပင်များဖြန့်ဖြူးပေးခြင်း၊ ကော်ဖီစိုက်ပျိုး ထုတ်လုပ်မှု နည်းပညာပေး သင်တန်းများကို ဒေသအရောက် နှစ်စဉ် ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရှိရသည်။ ယခုနှစ်တွင် ရခိုင်ပြည်နယ်အရှေ့ခြမ်းဒေသရှိ ကော်ဖီစိုက်ပျိုးလိုသော ကျေးရွာများသို့ ကော်ဖီပျိုးပင်များဖြန့်ဝေပေးခြင်း၊ ကော်ဖီစိုက်ပျိုး ထုတ်လုပ်မှု နည်းပညာများ ဒေသအရောက် ပို့ချပေးနိုင်ရေး စီမံဆောင်ရွက်ပြီးဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန မှ သိရှိရသည်။