နယ်သတင်းများ

ထန်းတပင်မြို့နယ်၌ တန်းဖိုးမြင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆန်၊ ပဲ၊ ပြောင်း၊ ဂျုံနှင့်သီးနှံ အခြေခံတန်းဖိုးမြင့် စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းကို မေလ(၆)ရက်နေ့မှ မေလ(၁၅) ရက်နေ့ အထိ (၁၀) ရက်ကြာ ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ အတွင်းသဲဖြူကျေးရွာရှိ စုပေါင်းအားမာန်ရုံးတွင် (အခမဲ့) ဖွင့်လှစ်ခဲ့သည်။

သင်တန်းတွင် ဆန်၊ ပဲ၊ ပြောင်း၊ ဂျုံနှင့်သီးနှံ အခြေခံတန်းဖိုးမြင့် စားသောက်ကုန် (၃၆) မျိုး တို့ကို စာတွေ့လက်တွေ့များဖြင့် ကျေးရွာအုပ်စုအတွင်းရှိ သင်တန်းသား သင်တန်းသူ (၂၀) ဦး တို့ကို သင်တန်းနည်းပြ ဆရာမ ဒေါ်တင်ချိုဝင်းနှင့် ဒေါ်ဝေဇင်အောင်တို့က လေ့ကျင့်သင်ကြားပေးခဲ့ပြီး စာတွေ့ (၃၀) ရာခိုင်နှုန်းနှင့် လက်တွေ့အနေဖြင့် (၇၀) ရာခိုင်နှုန်း တို့ဖြင့် လေ့ကျင့် သင်ကြားပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနအနေဖြင့် တန်းဖိုးမြင့်စားသောက် ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းများကို ဌာနတွင်း သင်တန်းများအပြင် ကျေးရွာများအရောက် ကွင်းဆင်းကာ သင်တန်းများကို ဖွင့်လှစ်သင်ကြား ပို့ချဆောင်ရွက်ပေးလျက်ရှိပြီး ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်း အင်းစိန်မြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်နှင့် ယခု ထန်းတပင်မြို့နယ်တို့တွင် သင်တန်းများကို ဖွင့်လှစ်ဆောင်ရွက် ပေးနိုင်ခဲ့ပြီး ဆင်းရဲမှုရာခိုင်နှုန်း လျော့ကျ သွားစေရေးနှင့်ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေး တို့အတွက် သင်တန်းများကို ဖွင့်လှစ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးသိန်း ထံမှသိရသည်။

သင်တန်းဆင်းပွဲကို မေလ(၁၅)ရက်နေ့၊ နံနက်ပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးသိန်း၊ မြို့နယ် အင်အားသစ် အသေးစား သမဝါယမအသင်း ဥက္ကဋ္ဌ ဦးစိုးရွှေ နှင့် ကိုယ့်အားကိုယ်ကိုး သမဝါယမအဖွဲ့များ ဖွံ့ဖြိုး တိုးတက်စေရေးအဖွဲ့မှ ဒေါ်စူဇီဖြိုးတို့က သင်တန်းသား၊ သင်တန်းသူ(၂၀)ဦးတို့ကို သင်တန်းဆင်းဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြသည်။

“အစပိုင်းတုန်းကတော့ ဘာမှမသိပေမယ့်၊ အခုဒီသင်တန်းတက်ပြီး နောက်ပို်င်းအမြင်တွေလည်း ကျယ်သွားပြီ၊ အသိတွေလည်း ရှိသွားပြီ လုပ်ငန်းနဲ့ပတ်သက်ပြီးတော့လည်း ဘာမှမခက်ခဲဘူးဆိုတာ သိသွားတယ်၊ တကယ်တမ်းနည်းပညာ မသိတော့ခက်ခဲတယ်၊ တန်းဖိုးလည်းမရှိဘူး အခုသိသွားပြီဆိုတော့ ဘာပဲဖြစ်ဖြစ် မန်ကျည်းသီးပဲဖြစ်ဖြစ်၊ သရက်သီးပဲဖြစ်ဖြစ် အလေ့အလွင့် မဖြစ်တော့ဘူး ဝင်ငွေ ရတော့မယ်ဆိုတာ သိတဲ့အတွက်ကြောင့် အခု ကျွန်မတို့ကို ၁၀ ရက်တာ ကာလပတ်လုံးသင်ပေးတဲ့ ဆရာမ တွေကိုလည်း ကျေးဇူးတင်ရှိကြောင်း” သင်တန်းသူ တစ်ဦးဖြစ်သူ ဒေါ်ဇင်မာဝင်းက ပြောသည်။

ဇင်မင်းထိုက်(ထန်းတပင်)