နယ်သတင်းများ သတင်းကဏ္ဍ

တောင်ကြီး တွင် မြန်မာ့ပဲပုပ်သီးနှံ ကုန်စည်တန်ဖိုးမြင့်ကွင်းဆက်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

တစ်နိုင်ငံလုံး ပဲပုတ် စိုက်ပျိုးမှု၏ ၆၀ ရာခိုင်နှုန်း စိုက်ပျိုးထုတ်လုပ်လျက်ရှိသော ရှမ်းပြည်နယ် တွင် ပဲပုပ်သီးနှံ ကုန်စည်ကွင်းဆက်တလျောက် တန်ဖိုးမြင့်ထုတ်လုပ်နိုင်ပါက ပဲပုပ်သီးနှံ အခန်းကဏ္ဍ ဖွံ့ဖြိုးလာစေခြင်းနှင့်အတူ ပဲပုပ်လုပ်ငန်းစဉ်နှင့်ပတ်သက်သူ အားလုံး လည်း အကျိုးစီးပွား ပိုမိုဖြစ်ထွန်းစေနိုင်မည်ဖြစ်သည်။
စိုက်ပျိုးရေးဦးစီးဌာန နှင့် စိမ်းလန်းဝေကုမ္ပဏီလီမိတက်တို့ပူးပေါင်း၍ ပထမအကြိမ် မြန်မာ့ပဲပုပ်စျေးကွက်တန်ဘိုးမြှင့်ကွင်းဆက် အလုပ်ရုံဆွေးနွေးပွဲကို မေလ ၂၅ ရက် နံနက်ပိုင်း က ရှမ်းပြည်နယ် တောင်ကြီးမြို့ ရှိ ပြည်နယ်အစည်းအဝေးခန်းမ၌ ကျင်ပပြုလုပ်ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်၊မွေး၊ဆည်ဝန်ကြီး ဦးစိုင်းလုံကျော် တက်ရောက် ၍ အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မောင်း က ပဲပုပ်သီးနှံတန်ဖိုးမြင့် ထုတ်ကုန် ထုတ်လုပ်ခြင်းနှင့်စျေးကွက်အလားအလာအကြောင်း ဆွေးနွေးပြောကြားသည်။
 အလုပ်ရုံဆွေးနွေးပွဲကိုဆက်လက်ကျင်းပရာ NGOs , INGOs များ၊ ကုမ္ပဏီများ၊ ပညာရှင်များနှင့် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့မှ တောင်သူများ၊ ပဲပုပ်မျိုးစေ့ထုတ် စိုက်ပျိုး ထုတ်လုပ်သူများအသင်း/အစုအဖွဲ့များ၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးများ နှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။
ရှမ်းပြည်နယ်တွင် စိုက်ပျိုးသောပဲပုပ်မျိုးမှာ မူလက ဒေသမျိုးများစိုက်ပျိုးကြသော်လည်း နောက်ပိုင်းတွင် ရောဂါဒဏ်ခံနိုင်ရည်ရှိပြီး အထွက်နှုန်းကောင်းသော ရေဆင်း-၆၊ ရေဆင်း-၁၁၊ ရေဆင်း-၁၄ နှင့် ရေဆင်း-၁၅ မျိုးများပြောင်းလဲလာကြကာ ဧပြီ လနှင့် မေလတွင် စိုက်ပျိုးပြီး ဇူလိုင်လနှင့် သြဂုတ်လတို့တွင် ရိတ်သိမ်း သကဲ့သို့ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတွင် စိုက်ပျိုးကာ ဖေဖော်ဝါရီလများတွင် ရိတ်သိမ်းသည့် ဆောင်းပဲပုပ်လည်း စိုက်ပျိုးထွက်ရှိသည်။ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် တောင်ပိုင်းအတွင်း မိုးနှင့် ဆောင်း ပဲပုက်စိုက်ဧက ၁၈၀,၀၀၀ ကျော်ရှိပြီး ပြည်နယ်တစ်ခုလုံးစုစုပေါင်းစိုက်ဧက ၃သိန်းကျော်ရှိသည်။

အလုပ်ရုံဆွေးနွေးပွဲကို မေလ ၂၅ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကျင်းပမှာဖြစ်ပြီး ပဲပုပ်စိုက်တောင်သူများ၊ ပဲပုပ်သီးနှံကုန်သည်များ၊ ကုန်ချောထုတ်လုပ်ရောင်းချသူများ၊ ကုန်ကြမ်း ကုန်ချောထုတ်ဆိုင်ရာ ပြင်ပပညာရှင်များ၊ ဌာနဆိုင်ရာများ က သက်ဆိုင်ရာအခန်း ကဏ္ဍများ အလိုက်ဆွေးနွေးကြမှာဖြစ်ကြောင်း သိရှိရသည်။