စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် အမြဲတမ်း အတွင်းဝန် ဒေါက်တာခင်ဇော်၊ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်မော် နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် မေလ ၂၅ ရက် ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံ့တေးမြို့နယ် တွင် တည်ဆောက် လျက်ရှိသည့် ငါးသိပ္ပံသင်တန်းကျောင်း သို့ရောက်ရှိပြီး တင်ဒါ အောင်မြင်၍ တာဝန်ယူ ဆောင်ရွက်နေကြသည့် ဆောက်လုပ်ရေးကုမ္ပဏီများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ စံချိန်စံညွှန်းပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးရေးကြိုးပမ်းဆောင်းရွက်ရန် ဆွေးနွေးမှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တည်ဆောက်လျက်ရှိသော အဆောက် အအုံများအား လှည့်လည်ကြည့်ရှုစစ်ဆေးကြရာ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်မော် နှင့် ဆောက်လုပ်ရေးကုမ္ပဏီများမှ တာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများ အား ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးမှာကြားရာ၌ ဧရာဝတီ တိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး ၂ခုအကြား ငါးလုပ်ငန်းကျယ်ပြန်စွာ ဆောင်ရွက် သည့်ဒေသတစ်ခု ၌ ပထမဆုံးဖွင့်လှစ်မည့် ငါးသိပ္ပံသင်တန်းကျောင်း ဖြစ်သည်နှင့်အညီ အဆောက်အအုံများ အရည်အသွေးပြည့်မီမှုသည် သင်တန်း ကျောင်း၏ ပုံရိပ်တစ်ခု ဖြစ်သကဲ့သို့ တာဝန်ယူတည်ဆောက်ကြသည့် ကုမ္ပဏီများ၏ ဂုဏ်သတင်းပုံရိပ်ဖြစ်သည် ကိုလည်း သတိပြုကြရမှာဖြစ်ကြောင်း၊ တည်ဆောက်ရေးနှင့် ပတ်သက်သည့် အရည် အသွေးပိုင်း ငွေကြေးပိုင်း နှင့် စာရင်းဇယားပိုင်း တို့အပေါ် စစ်ဆေးခံနိုင်မှု ရှိစေရေးကိုပါ တပြိုင်တည်း ဂရုပြုဆောင်ရွက်ကြစေလိုကြောင်း ဖြင့် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။