ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

နိုင်ငံခြားချေးငွေစီမံကိန်းများဆိုင်ရာဦးဆောင် ကော်မတီ ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး


လယ်ယာကဏ္ဍဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းများကို နိုင်ငံတော်ရန်ပုံငွေဖြင့်သာမက နိုင်ငံခြားအကူအညီ အထောက်အပံ့၊ ချေးငွေများဖြင့်ပါဆောင်ရွက်လျက်ရှိရာ ဘတ်ဂျက် တောင်းခံမှုနှင့် ချေးငွေစာချုပ်လက်မှတ်ရေးထိုးခြင်းလုပ်ငန်းများကို အချိန်ကိုက်ဆောင်ရွက် ရန် အရေးကြီးကြောင်း၊ စီမံကိန်းဆိုင်ရာငွေကြေးသုံးစွဲမှုများတွင် အားနည်းချက်များ လေလွင့်မှုများမဖြစ်ပေါ်စေရေး အပြင် သတ်မှတ်ကာလအတွင်းပြီးစီးရေး နှင့် မူလ မျှော်မှန်းချက် ရည်ရွယ်ချက်များအတိုင်း ထိရောက်အောင်မြင်ရေးကိုလည်းအလေးထား ဆောင်ရွက်ကြရန်လိုကြောင်း မေလ ၂၈ ရက် နေ့လယ်ပိုင်းက နေပြည်တော် ရုံးအမှတ် ၁၅ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် နိုင်ငံခြားချေးငွေစီမံကိန်းများဆိုင်ရာဦးဆောင် ကော်မတီ ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က ဆွေးနွေးပြောကြားသည်။
အစည်းအဝေးသို့ ဒုတိယဝန်ကြီး ဦးလှကျော် ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး နိုင်ငံခြားအကူအညီ အထောက်အပံ့၊ ချေးငွေများဖြင့်ပါဆောင်ရွက်လျက်ရှိသော စီမံကိန်းလုပ်ငန်း ဆိုင်ရာများဆွေးနွေးကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးမှာကြားရာ၌ နိုင်ငံခြား အကူအညီ အထောက်အပံ့၊ ချေးငွေစီမံကိန်းများအကောင်အထည်ဖော်ဆောင်ရွက်ကြရတွင် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် စီးပွားရေးကော်မတီတို့၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ကြရန်၊ လုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှု မရှိစေရေးအတွက် ညှိနှိုင်းဆဲဖြစ်ပါက စာချုပ်ပါညှိနှိုင်းချက်များ အမြန်ပြီးစီးရေး နှင့် စာချုပ်ချုပ်ဆိုနိုင်ရေး ဆောင်ရွက်ရန် ချုပ်ဆိုပြီးသော အကူအညီ ၊ အထောက်အပံ့၊ နည်းပညာနှင့် ချေးငွေ လုပ်ငန်းစီမံချက်များ အကောင်အထည်ဖော်မှုကို အမြန်စတင်နိုင်ရေး အတွက်ပူးပေါင်း ဆောင်ရွက်မည့်အဖွဲ့အစည်းများအား နှိုးဆော်ရန်၊ လက်ရှိအကောင်အထည် ဖော်လျက် ရှိသော လုပ်ငန်းစီမံချက်များအား အကျိုးရှိထိရောက်သည့် စီမံချက်များဖြစ်စေရန်နှင့် လုပ်ငန်းများအချိန်နှင့်တပြေးညီ ရာနှုန်းပြည့် မြန်ဆန်စွာပြီးစီးရေးတာဝန်ယူ ဆောင်ရွက် ကြရန်လိုအပ်ချက်များကို ဆွေးနွေးပြောကြားသည်။
၂၀၁၅-၂၀၁၆ ခုနှစ်မှ ၂၀၁၉ခုနှစ် ဧပြီလကုန်အထိ လယ်ယာကဏ္ဍဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းများတွင် အထောက်အပံ့စီမံကိန်းပေါင်း ၂၅၈ ခုရှိပြီး စီမံကိန်း ၈၄ ခု ပြီးစီးခဲ့ပြီး ၊ ချေးငွေစီမံကိန်းပေါင်း ၁၈ ခု တွင် ဆောင်ရွက်ဆဲ စီမံကိန်း ၁၇ ခု နှင့် ညှိနှိုင်းဆဲ စီမံကိန်း ၁ ခုရှိကြောင်း သိရသည်။