သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

စိုက်ပျိုးရေးသုတေသနဦးစီးဌာန (DAR- ရေဆင်း) သို့ ပျဉ်းမနားမြို့နယ်၊ ကျီအင်းကျေးရွာမှ ကြံစိုက်တောင်သူများ လေ့လာရေးရောက်ရှိ

    စိုက်ပျိုးရေးဦးစီးဌာန၊ ပျဉ်းမနား မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းလင်း ဦးဆောင်သော ပျဉ်းမနားမြို့နယ် ကျီအင်းစံပြကျေးရွာမှ တောင်သူ (၃၅) ဦးပါဝင်သော ကြံစိုက်တောင်သူ အဖွဲ့ သည် မေလ (၂၄) ရက်နေ့က စိုက်ပျိုးရေးသုတေသနဦးစီးဌာန (DAR- ရေဆင်း)၊ စက်မှုသီးနှံသုတေသနဌာနစု၏ သုတေသနစိုက်ခင်းများသို့ လေ့လာရေးခရီးရောက်ရှိ ကြရာ၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်လွင်ဦး က ကြိုဆိုနှုတ်ဆက်စကား ပြောကြားရာတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန အနေဖြင့် စိုက်ပျိုးသီးနှံများအား ထုတ်လုပ်မှုကုန်ကျစရိတ် လျော့ချနိုင်ရေး အထွက်နှုန်း နှင့် သီးနှံအရည်အသွေး တိုးတက်ရေးအတွက် သုတေသနပြုဆောင်ရွက်လျက်ရှိရာ ယနေ့ လေ့လာရေးရောက်ရှိလာကြသည့် ကြံစိုက်တောင်သူများ၏ ဆွေးနွေးချက်များအား ဖြေရှင်း အကြံပြုသွားမှာဖြစ်သကဲ့သို့ တောင်သူများကြုံတွေ့ရသည့် ပြဿနာများကို သုတေသနပြု ရှာဖွေဖော်ထုတ်ကာ ရလဒ်ကောင်းများ ဖော်ထုတ်ပေးနိုင်ရေး ကြိုးပမ်းသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ စက်မှုသီးနှံနှင့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံပန်းမန် သုတေသန ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာမောင်မောင်တာ က စက်မှုသီးနှံ သုတေသန ပညာရှင်များ အနေဖြင့် တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းခွင်ရှိ အခက်အခဲများအား ဖြေရှင်းပေးရန်ရွယ်၍ သုတေသနများ ကြိုးစားဆောင်ရွက် လျက်ရှိရာ တောင်သူများ ကလည်း သုတေသနပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ တောင်သူများ အတွက် အထွက်ကောင်း၊ ရောဂါဒဏ်ခံနိုင်ရည်ရှိသည့် ကြံမျိုးကောင်း၊ မျိုးသန့်များ ရှာဖွေဖော်ထုတ်လျှက်ရှိကြောင်း၊ ကြံစိုက်ပျိုးထုတ်လုပ်မှု ကွင်းဆက်တစ်ခုလုံးတွင် ကြုံတွေ့ နေသည့် အခက်အခဲများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြရန်နှင့် သုတေသနပညာရှင်များ ဘက်က ကူညီဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း၊ သုတေသနရှာဖွေတွေ့ရှိသည့် အထွက် ကောင်း၊ မျိုးကောင်း၊ မျိုးသန့် ကြံမျိုးများကို တောင်သူများ၏ စိုက်ခင်းများတွင် လက်တွေ့စိုက်ပျိုးပြသသွားမည်ဖြစ်ကြောင်းပြောကြားသည်။

ထို့နောက် စက်မှုသီးနှံသုတေသနဌာနစု တာဝန်ခံ ဒေါ်သီသီမြင့် က တောင်သူများအနေဖြင့် စက်မှုသီးနှံ (ကြံ၊ ဝါ၊ ပလောပီနံ၊ ဂုန်လျှော်၊ ချဉ်ပေါင်လျှော်) သုတေသနများကို အချိန်မရွေး လာရောက်လေ့လာနိုင်ကြောင်း၊ စက်မှုသီးနှံသုတေသနအနေဖြင့် ရေဆင်းတွင် ရေ မြေ ဒေသအခြေအနေပေးသောကြောင့် ကြံသီးနှံသုတေသနများ၊ဝါသီးနှံအတွက် မျိုးကူးစပ်ခြင်း လုပ်ငန်းများ၊ စားနပ်ရိက္ခာဖူလုံမှုအတွက် အလားအလာကောင်းသည့် ပီလောပီနံသီးနှံ သုတေသနများနှင့် ဂုန်လျှော်နှင့် ချဉ်ပေါင်လျှော်သီးနှံများအား မျိုးထန်းသိမ်းခြင်း သုတေသနများ ဆောင်ရွက်ထားရှိကြောင်းရှင်းလင်းပြောကြားသည်။

၎င်းနောက် ၂၀၁၁ ကြံစပ်မျိုးလိုင်းများ ဒေသအဆင့် အထွက်ယှဉ်ပြိုင်ခြင်း စမ်းသပ်ကွက်တာဝန်ခံ ဒေါ်မိုးမာန်မြင့် က စပ်မျိုးလိုင်း (၁၀) မျိုးနှင့် စံထားမျိုး (၂) မျိုးကို စမ်းသပ်စိုက်ပျိုးထားသည့် ကြံသုတေသနစမ်းသပ်ကွက်သည် သက်တမ်း (၅) လအရွယ် ရောက်ပြီဖြစ်ကြောင်း၊ မျက်မြင်အခြေအနေများအရ မျိုးလိုင်း ၁၁- ၉၈၀၁ မှာ မှိုနှံ ကျရောက်မှုကင်းပြီး၊ ကျန်မျိုးလိုင်းများထက် အဆစ်ထွက်စောသည်ကို တွေ့ရကြောင်း၊ တစ်ဧက တန် (၈၀) ထွက်မည်ဟု ခန့်မှန်းကြောင်းနှင့် ၁၁- ၁၂၅၃၉ မျိုးမှာ တစ်ဧက တန် (၇၀) ထွက်မည်ဟု ခန့်မှန်းကြောင်းဖြင့် ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ လေ့လာရေးတောင်သူများသည် ပီလောပီနံစိုက်ခင်းများ နှင့် စပါးသီးနှံသုတေသနဌာနစု တို့သို့ ဆက်လက်လေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။

ရှင်းလင်းပြောကြားမှုများနှင့် လက်တွေ့လေ့လာမှုများအပေါ် လေ့လာရေး ကြံစိုက် တောင်သူများ က စိတ်ပါဝင်စားစွာ လေ့လာခဲ့ကြပြီး၊ သိရှိလိုသည်များ၊ အခက်အခဲများကို ပွင့်ပွင့်လင်းလင်းဆွေးနွေးကြရာ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ နှင့် တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးကြကြောင်းသတင်းရရှိသည်။