စိုက်-မွေးသုတ မြန်မာဂျီအေပီ GAP

စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ(စပါးသီးနှံ)

မြန်မာအမည်   – စပါး

အင်္ဂလိပ်အမည် – Rice

သိပ္ပံအမည်       – Oryza sativa L.

မျိုးရင်းအမည်   – Graminaceae

နိဒါန်း

စပါးသီးနှံသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အဓိက စားနပ်ရိက္ခာဖြစ်ပြီး အာဆီယံ ဒေသအတွင်း ဆန်စားသုံးမှု အမြင့်ဆုံးနိုင်ငံလည်း ဖြစ်သောကြောင့် လူဦးရေတိုးတက်လာသည်နှင့် အမျှ စားသူံးဖူလုံရန်နှင့် ပြည်ပတင်ပို့မှုမှ  နိုင်ငံခြားဝင်ငွေပိုမိုရရှိစေရန် ဆန်စပါးထုတ်လုပ်မှုတိုးတက် ရေးကို အလေးထားဆောင်ရွက်လျှက် ရှိပါသည်။ ဆန်စပါးထုတ်လုပ်မှုတိုးတက်စေရန် စိုက်ပျိုးဧရိယာ များတိုးချဲ့လာပြီး ၂၀၁၇-၂၀၁၈ ခုနှစ်တွင် မိုးစပါး/နွေစပါး စုစုပေါင်းစိုက်ဧက (၁၈) သန်းခန့် စိုက်ပျိုး လာကြပါသည်။ ပြည်တွင်းစျေးကွက်တွင် အဓိကရောင်ဝယ်ယူမှု အများဆုံး စပါးမျိုးများမှာ မနောသုခ၊ ဆင်းသုခ၊ ရွှေသွယ်ရင်၊ ရတနာတိုး စသည့်တို့ဖြစ်ပါသည်။ ပြည်ပသို့ တင်ပို့မှုအနေဖြင့် ငစိန်၊ ပေါ်ဆန်း၊ ကောက်ညှင်း၊ ဇီယာ၊ ဆင်းသွယ်လတ်၊ ဧရာမင်း စသည့် စပါးမျိုးများဖြစ်ပြီး နိုင်ငံတကာ စံချန်စံညွှန်းနှင့်အညီ အရည်အသွေး ပြည့်မီစွာ စိုက်ပျိုးထုတ်လုပ်နိုင်ရန်အတွက် Good Agriculture Practices (GAP) နည်းလမ်းများကို လိုက်နာကျင့်သုံးဆောင်ရွက်ရန် လို်အပ်ပါသည်။

မြန်မာ GAP ဆောင်ရွက်နည်းစနစ်သည် သီးနှံများထုတ်လုပ်စဉ်၊ ရိတ်သိမ်းစဉ် နှင့် ရိတ်သိမ်းပြီးနောက်ပိုင်းကိုင်တွယ်ခြင်း လုပ်ငန်းများတွင် ဖြစ်ပေါ်လာနိုင်သည့် ထွက်ကုန်များ၏ အန္တရာယ်ဖြစ်စေမှုမှာ လျော့နည်းနိုင်စေရန် ရည်ရွယ်ပါသည်။ မြန်မာ GAP သည် အစားအစာများ ဘေးအန္တရာယ်ကင်းရှင်းစေရန်၊ ထုတ်ကုန်အရည်အသွေးကောင်းမွန်စေရန်၊ ပတ်ဝန်းကျင်ထိခိုက်မှု လျှော့နည်းစေရန်၊ လုပ်သားများ၏ကျန်းမာရေးနှင့် လူမှုဘဝသာယာဝပြောရေးတို့ကို ထည့်သွင်း စဉ်းစား ဆောင်ရွက်သော စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ ဖြစ်ပါသည်။ မြန်မာ GAP  ဆောင်ရွက်နည်းစနစ်သည် တစ်ဦးချင်း(သို့) အဖွဲ့အစည်းများမှ လိုက်နာဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုး ထုတ်လုပ်သောထွက်ကုန်များ၏ အန္တရာယ်ကင်းရှင်းခြင်း၊ အရည်အသွေးကောင်းမွန်ခြင်းနှင့် စီးပွားရေးတွက်ခြေကိုက်ခြင်းတို့အား ထောက်ပံ့ပေးနိုင်မည့် စနစ်ပင််ဖြစ်ပါသည်။ မြန်မာ GAP နည်းစနစ်ဖြင့် ထုတ်လုပ်ထားသော ထုတ်ကုန်များ အန္တရာယ်ကင်းရှင်းကြောင်း ပွင်းလင်းမြင်သာမှုရှိပြီး နောက်ကြောင်းပြန်စစ်ဆေး ခံနိုင်ရမည် ဖြစ်ပါသည်။

မြန်မာ GAP ဆောင်ရွက်နည်းစနစ်သည် ASEAN GAP၊ GlOBAL GAP တို့ကို အခြေခံပြီး သီးနှံ များဘေးအန္တရာယ်ကင်းစွာ ထုတ်လုပ်နိုင်၍ မြန်မာနိုင်ငံသာမက ၊ အာဆီယံဒေသများနှင့် နိုင်ငံတကာ သို့တင်ပို့ရောင်းချနိုင်စေရန် လိုက်နာဆောင်ရွက်ရမည့် နည်းစနစ်ကောင်းများ ဖြစ်ပါသည်။ သို့ပါ၍ မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (မြန်မာ GAP) လိုက်နာဆောင်ရွက် ရမည့် နည်းလမ်းကောင်းများကို သတ်မှတ် ကောင်အထည်ဖော် ဆောင်ရွက်ရခြင်း ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ဆန်စပါးစိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်း Good Agriculture Practices (GAP) ရေးဆွဲပြဋ္ဌာန်းရာတွင်

(၁)        အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးကဏ္ဍ(Food Safety Module)

(၂)       ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍ(Environmental Management Module)

(၃)       သီးနှံများ၏ အရည်အသွေးကဏ္ဍ(Produce Quality Module)

(၄)       လုပ်သားများကျန်းမာရေး-ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လူမှုဘဝသာယာရေးကဏ္ဍ

(Worker, health, Safety and Welfare Module) ဟူသော ကဏ္ဍ(၄)ခု ပေါ်အခြေခံ၍ ခွဲခြား ရေးဆွဲထားပါသည်။

၁။စိုက်ပျိုးမည့်မြေနေရာရွေးချယ်ခြင်း

စိုက်ပျိုးမြေနှင့်အနီးပတ်ဝန်းကျင်ရှိမြေသည် ဓာတုနှင့် ဇီဝဆိုင်ရာအန္တရာယ်  ရှိသည့်မြေနေရာ                                           ရှိသည့်မြေနေရာ  မဖြစ်စေရ။စိုက်ကွင်းမြေပုံနှင့်မှတ််တမ်းထားရှိရမည်။စပါးစို်က်ပျိုးနိုင်သော မြေအမျိုး အစားမှာ စနယ်မြေ၊ နှုံးစနယ်မြေ၊ သဲနုန်းမြေနှင့် သဲစနယ်မြေများတွင် စိုက်ပျိုးဖြစ်ထွန်းပါသည်။ ဆည်ရေသောက်ဒေသများတွင် စိုက်ပျိုးနိုင်သကဲ့သို့ မိုးကောင်းသောက်ဒေသများတွင် အောင်ရေ သေချာစွာ ရရှိပါက စိုက်ပျိုးနိုင်ပါသည်။ စပါးသည် Ph ၅.၅ မှ ၇.၀ ထိရှိသော မြေများတွင် စိုက်ပျိုး ဖြစ်ထွန်းပါသည်။ စပါးစိုက်ပျိုးမြေ ညစ်ညမ်းမှု ဖြစ်စေသည့် အခြေအနေရှိမရှိကို စောင့်ကြည့်ရမည် ဖြစ်ပြီး၊ ရရှိသည့်အဖြေနှင့် ဆောင်ရွက်သည့် လုပ်ငန်းစဉ် အဆင့်ဆင့်ကို မှတ်တမ်းထားရမည်။

၂။စိုက်ပျိုးရေ

မွေးမြူရေးဇုန်၊ဆေးရုံ၊စက်ရုံများမှ ဖြတ်သန်းလာသောရေ၊ မြူနီစပါယ် စွန့်ပစ်ရေနှင့် သဘာဝ ပတ်ဝန်းကျင်ကို အန္တရာယ်ဖြစ်ပေါ်နိုင်သည့်ရေများကို အသုံးမပြုရ။ (ရေဆိုးရေညစ်များကို ပြန်လည် စီရင်၍ အသုံးပြုလျှင် WHO Guideline အရလိုက်နာ အသုံးပြုရန်။)စပါးမရိတ်သိမ်းမီ ရေသွင်းခြင်း၊ မြေသြဇာထည့်ခြင်း၊ ပိုး/ မှိုသတ်ဆေးများဖျော်စပ်ခြင်း စသည်တို့တွင် အသုံးပြုသည့်ရေကို ဓာတုနှင့် ဇီဝဆိုင်ရာ အန္တရာယ်ဖြစ်စေနိုင်မှုရှိ/မရှိ စစ်ဆေးကြည့်ရှုရမည်။ ထူးခြားသော အန္တရာယ်ဖြစ်မှုများကို တွေ့ရှိပါက မှတ်တမ်းတင်ထားရမည်။ အဏုဇီဝသက်ရှိများ ပါဝင်နိုင်ခြေရှိသည့် သွင်းရေကို စမ်းသပ်ရန်လိုအပ်ပါက ရေဖြန့်ဝေသည့် အခြေအနေပေါ်မှုတည်၍ သင့်လျော်သော အကြိမ်အရေ အတွက်ကို စစ်ဆေးရမည်ဖြစ်ပြီး ရရှိသည့်အဖြေကို မှတ်တမ်းတင်ထားရမည်။ ဓာတုနှင့်ဇီဝဆိုင်ရာ အန္တရာယ်ဖြစ်စေနိုင်သည့်ပစ္စည်းများနှင့် ကျန်းမာရေးကို ထိခိုက်စေသည့် အဏုဇီဝသက်ရှိများ ပါဝင်မှု သိသာထင်ရှားပါက စိတ်ချရသည့် အခြားရေအရင်းအမြစ်ကို အသုံးပြုခြင်း (သို့မဟုတ်) ရေကိုစစ်ဆေး ၍ ပြုပြင်စီမံခြင်းဆောင်ရွက်ကာ ပြုပြင်သည့် နည်းစနစ်နှင့် ရရှိသည့် အဖြေကို မှတ်တမ်းထားရမည်။ ဆန်စပါးဂျီအေပီစနစ်ဖြင့် စိုက်ပျိုးခြင်းနှင့် ကုန်ချောပြုပြင်ထုတ်လုပ်ခြင်းတို့တွင် စက်မှုလုပ်ငန်းသုံး   စွန့်ပစ်ရေဆိုးများကို အသုံးမပြုရပါ (ရေဆိုးပြန်လည်သန့်စင် အသုံးပြုခွင့်ပေးခဲ့လျှင် ရေ၏ အရည်အသွေးနှင့် သက်ဆိုင်ရာ ဥပဒေ၊စည်းမျဉ်း၊သတ်မှတ်ချက်များနှင့် ကိုက်ညီရပါမည်)

၃။မျိုးစေ့/ပျိုးပင်

ရေမြေဒေသနှင့် ကိုက်ညီပြီး ပိုးမွှားရောဂါ ကင်းစင်သည့် အရည်အသွေးကောင်း မျိုးများကို ရွေးချယ် စိုက်ပျိုးရမည်။ အရည်အသွေးကောင်းစပါးမျိုးစေ့တွင် သန့်စင်မှု(၉၈%)၊ အပင်ပေါက်ရာနှုန်း (၈၀%)အထက်နှင့် အခြားမျိုးကွဲများ ရောနှောနိုင်မှု (၀.၅%)အောက် ရှိရမည်။ စပါးမျိုးများ ရယူတွင်မျိုးစေ့ထုတ်ဗဟိုခြံများ၊ ဆန်စပါးသုတေသနဌာနများကဲ့သို့ တရားဝင် အသိအမှတ်ပြု ထားသော နေရာများ(သို့မဟုတ်) မျိုးစေ့ထုတ်ခြံများ၊ လယ်ယာသမအသင်းများ၊ တာဝန်ရှိသည့် အဖွဲ့အစည်းများ မှ ထောက်ခံချက်ပေးထားသည့် အခြားသောနေရာများ(သို့မဟုတ်) လယ်သမားသည် ၎င်း၏ စိုက်ခင်းမှ ကိုယ်ပိုင် မျိုးစေ့ကို ထုတ်လုပ်နိုင်သည်။ မျိုးစေ့သည် ဝမ်းစာစပါးထုတ်လုပ်သည့် စိုက်ကွင်းမှ မဟုတ်ပဲ သီးသန့်နေရာ(သို့မဟုတ်) စပါးစိုက်ကွင်းမှ အပင်လက္ခဏာရပ်များ ညီညာမှုရှိသည့် ရွေးချယ်ထားသည့်နေရာ၊ စိုက်ပျိုးစဉ်အတွင်း မျိုးကွဲများအား နှုတ်ပယ်ထားသည့် နေရာတို့မှ ထုတ်လုပ်ထားသည့် မျိုးစေ့များကို ရယူသုံးစွဲ နိုင်သည်။မျိုးစေ့ရရှိသည့် မျိုးစေ့ရင်းမြစ်ကို(လိုအပ်လျှင် သက်သေပြနိုင်ရန်) မှတ်တမ်းထားရမည်။

၄။မြေသြဇာနှင့် မြေဆီလွှာ ဖြည့်စွက်ပစ္စည်းများ

စပါးသီးနှံတွင် အသုံးပြုသည့် မြေသြဇာ(သို့မဟုတ်)မြေဆီလွှာဖြည့်စွက်ပစ္စည်းများတွင် အန္တရာယ်ဖြစ်စေသော ဓါတုနှင့် ဇီဝဆိုင်ရာပစ္စည်းများပါဝင်ခြင်းမရှိစေရ။ သဘာဝမြေသြဇာများအား ကောင်းစွာဆွေးမြေ့အောင် ဆောင်ရွက်ပြီးမှ အသုံးပြုရမည်။ မြေသြဇာ(သို့မဟုတ်)မြေဆီလွှာ ဖြည့်စွက်ပစ္စည်းများ ရောစပ်ခြင်းနှင့် သိုလှောင်ခြင်း၊ အော်ဂဲနစ်ပစ္စည်းများ ဆွေးမြေ့စေရန် ဆောင်ရွက်ခြင်းတို့ကို မသန့်ရှင်းသောနေရာများတွင် မပြုလုပ်ရ။မြေသြဇာများ ဝယ်ယူသုံးစွဲရာတွင် မှတ်ပုံတင်ထားသော ပစ္စည်းများဖြစ်ရမည့် အပြင် မှတ်တမ်းများထားရှိရမည်။ ကုစားနိုင်မည့် နည်းလမ်းများ ထည့်သွင်းရန် (မြေဆီလွှာ ပျက်ဆီးမှုကို ကုစားထားသော မှတ်တမ်းများထားရှိရန်၊ မြေတွင်းရှိ အကျိုးပြု အဏုဇီဝပိုးမွှားများကို မထိခိုက်စေရန် မြေအောင်းပိုးသတ်ဆေး ကြိုတင်ထည့် သွင်းခြင်၊ Seed treatment ကြိုတင် သုံးခြင်းမလုပ်ရ၊ မြေဆီလွှာပြောင်းလဲမှုဖြစ်ပေါ်စေရန် နွေထည်ရေးခံခြင်းကို မဖြစ်မနေ ဆောင်ရွက်ရန်။

၅။စိုက်ပျိုးရေးသုံး ဓါတုဆေးများနှင့် အခြားဓါတုပစ္စည်း

ပိုးသတ်ဆေးသုံးစွဲရန် လိုအပ်ပါက စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲတွင် မှတ်ပုံတင်၊ ထောက်ခံထားသော ဆေးများအား အညွှန်းပါအတိုင်း သုံးစွဲရမည်။စိုက်ပျိုးရေးတွင် သုံးစွဲရန် တားမြစ်ထားသော ဘေးဥပါဒ်ဖြစ်စေသည့် ပိုးသတ််ဆေးများကို အသုံးမပြုရပါ။ နိုင်ငံခြားတင် ပို့မည့် ဆန်စပါးထုတ်လုပ်မှုတွင် တင်သွင်းမည့် တိုင်းပြည်မှ တားမြစ်ထားသော ပိုးသတ်ဆေးများ သုံးစွဲခြင်းမပြုရပါ။ ဘက်စုံပိုးမွှားကာကွယ်နည်း(Integrated Pest Management) စနစ်ကို သုံးစွဲရမည်။ပိုး/မှို/ ပေါင်းသတ်ဆေးများကို နောက်ဆုံးအဆင့်မှသာ သုံးစွဲ၍ ရူပ/ဇီဝနည်းလမ်းဖြင့် ပိုးမွှားရောဂါများကို ကာကွယ်ရမည်။ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုအနည်းဆုံးဖြစ်စေမည့် နည်းလမ်းများကို သုံးစွဲရမည်။

၆။အပင်ပြုစုစောင့်ရှောက်ခြင်း

အရည်အသွေးကောင်း စပါးစိုက်ပျိုးရန် အောက်ဖော်ပြပါနည်းလမ်းများကို လိုက်နာ ဆောင်ရွက်သင့်သည်။

၆.၁။စိုက်ပျိုးခြင်း

မြေမှန်၊မျိုးမှန်၊ စိုက်နည်းမှန်၊ ရာသီမှန်၊ အောက်စိုက် ဟူသော ဆောင်ပုဒ်အတိုင်း ရေ၊မြေ၊ရာသီဥတုပေါ် မူတည်၍ စပါးမျိုးကွဲအလိုက် သင့်တော်သော စိုက်နည်းစနစ်များ အသုံးပြု၍ ဆောင်ရွက်သင့်သည်။ စိုက်ပျိုးမြေမျက်နှာပြင်သည် ညီညာပြန့်ပြူးပြီး ကြွက်၊ဌက်၊ပေါင်းမြက် ဖျက်ဆီးမှု မရှိလျှင် မျိုးစေ့နှုန်းကို လျှော့ချနိုင်သည်။ သတ်မှတ်ကောက်ကွက်ဝင်အောင်စိုက်ပါ။ ကောက်ကွက်(၁မှ၁.၁)သိန်းရရှိစေရန် တန်းကြား၊ပင်ကြားကို(၈”¬x ၈”)(သို့)(၉”x၆”)စိုက်ပျိုးရပါမည်။ မျိုးစေ့(Seed)ထုတ်ကွက်များကို ၆တန်း၁တန်းလှပ်စိုက်ပျိုးပါ။ မျိုးဆန်(Grain)ထုတ်သည့် ရိုးရိုးစိုက်ကွက်များကို ၁ဝတန်း၁တန်းလှပ် စိုက်ပျိုးပါ။ပျိုးသက်မှန်၊ လက်ဆမှန် စိုက်ပါ။ဘောင်စနစ်ဖြင့် ပျိုးထောင်ပြီး၊ ပျိုးသက် (၂၀-၂၅)ရက်သားတွင် လက်ဆ(၂-၃)ပင်ကို ပျိုးပင်အနက် (၁.၅”)ထက် မနက်စေရန် ဂရုပြု စိုက်ပျိုးရပါမည်။ ပျိုးပင်များကို မထိခိုက်စေရန် ချက်ချင်းနှုတ်၊ချက်ချင်းစိုက်ပျိုးပါ။ ရွှေ့ပြောင်းစိုက်ခြင်း၊ အစိုမျိုးစေ့ချခြင်းနှင့် အခြောက်မျိုးစေ့ချခြင်းတွင် မျိုးစေ့နှုန်းထားမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ ရွှေ့ပြောင်း စိုက်စပါးအတွက်၁တင်း/ဧက၊ အစိုမျိုးစေ့ချစပါးအတွက် ၁.၅တင်း/ဧက၊ အခြောက်မျိုးစေ့ချစပါးအတွက် ၂တင်း/ဧက

၆-၂။မျိုးကွဲနှုတ်ပယ်ခြင်းနှင့် ပေါင်းမြက်ကာကွယ်ခြင်း

မျိုးကွဲပါဝင်မှု ၀.၅၀% နှင့်ဆန်နီ ပါဝင်မှု ၀.၀၂% ထက်မပိုသင့်ပါ။ မျိုးကွဲနှုတ်ပယ်ခြင်းနှင့် ပေါင်းပင်များ ကာကွယ်ခြင်းကို စပါးပင်သက်တမ်းအတွင်း အလျဉ်းသင့်သလို ဆောင်ရွက်ရမည်။ မျိုးစေ့အညှောက်ပေါက်အချိန်နှင့် အပင်ကြီးထွားချိန်အတွင်း ရှင်သန်ကြီးထွားမှု အဆင့်(၃)ဆင့်တွင် မျိုးကွဲစပါးပင်များ ရောနှောပါဝင်နေမှုကို ကြည့်ရှုစစ်ဆေးဖယ်ရှားပေး သင့်ပါသည်။

အပင်ပွားစည်းချိန် စပါးပင်ပွားများ၏ ပုံသဏ္ဍာန်၊ အရွက် ထောင်မတ်မှု၊ ပင်စည်နှင့် အရွက်တို့၏ အရောင်၊ အရွက်အရွယ်အစားနှင့် အပင်အမြင့် စသည်တို့ကို လေ့လာ၍ မိမိစိုက်ပျိုးသည့်မျိုး၏ မည်သည့် ကွဲလွဲမှုကိုမဆို တွေ့ရှိပါက အမြန်ဆွဲနှုတ်သင့်ပါသည်။

ပန်းပွင့်ချိန်တွင် ပန်းစောစောပွင့်မှု (သို့) နောက်ကျပွင့်မှု၊ ပန်းပွင့်၏ ပုံသဏ္ဍာန်၊ ပန်းပွင့်နှင့် ဝတ်ဆံတို့၏ အရောင်တို့ကို လေ့လာကြည့်ရှုရပါမည်။မိမိစိုက်ပျိုးသည့်မျိုး၏ မည်သည့်ကွဲလွဲမှုမျိုးကို မဆို တွေ့ရှိပါက ချက်ချင်းဆွဲနှုတ်ရပါမည်။

အစေ့အဆံတည်ချိန်တွင် အနှံပုံသဏ္ဍာန်နှင့် ကွေးညွတ်မှုတို့ကို လေ့လာကြည့်ရှုရပါမည်။ မိမိစိုက်ပျိုးသည့်မျိုး၏ မည်သည့်ကွဲလွဲမှုမျိုးကို မဆို တွေ့ရှိပါက ချက်ချင်းဆွဲနှုတ်ပစ်ရပါမည်။

ရည့်မှည်ချိန်တွင် စပါးစေ့၏ အရွယ်အစား၊အရောင်နှင့် ရင့်မှည့်ခြင်းလက္ခဏာကို ကြည့်ရှု စစ်ဆေး မှတ်တမ်း ရယူထား၍ ဖြတ်တောက်ဖယ်ရှားသင့်သည်။

၆-၃။မြေသြဇာထည့်သွင်းခြင်း

မြေသြဇာထည့်သွင်းခြင်းကို မြေဆီသြဇာထက်သန်သော စပါးစိုက်ပျိုးမြေ(နုန်းတင်မြေနု) များတွင် စပါးအပင် ကြီးထွားမှု အနေအထားအရ လိုအပ်မှသာ ထည့်သွင်းအသုံးပြုသင့်သည်။ စပါးGAP စိုက်နည်းစနစ်အတွက် လိုအပ်ပါက မြေသြဇာထည့်သွင်းခြင်းကို အောက်ဖော်ပြပါအတိုင်း လိုက်နာ ဆောင်ရွက်သင့်သည်။

မြေသြဇာထည့်သွင်းခြင်း မှန်ကန်တိကျရန်အတွက် စိုက်ကွက်အရွယ်အစားကို သိသင့်ပါသည်။ အပင်လိုအပ်သည့် လုံလောက်သော မြေသြဇာထည့်သွင်းခြင်း(သို့) မြေသြဇာ မှန်ကန်စွာ အသုံးချနိုင်မှု ပမာဏတို့ကို တွက်ချက်ထားရပါမည်။

မြေသြဇာထည့်သွင်းခြင်း မဆောင်ရွက်မီ စပါးခင်းတွင် ပေါင်းမြက်များ ရှင်းလင်းရပါမည်။ အထူးသဖြင့် စပါးပင်များ အစောပိုင်းအဆင့် ကြီးထွားချိန်တွင် ဖြစ်ပါသည်။

မြေသြဇာထည့်သွင်းခြင်း မပြုလုပ်မီ စပါးကွင်းပတ်လည်ရှိ ကန်သင်းများအား ရေလုံလောက် ထား၍ ရေ၂လက်မခန့် ထိန်းထားသင့်ပါသည်။ မြေသြဇာထည့်ပြီး (၃-၅) ရက်အကြာတွင် ရေကို ပုံမှန်အတိုု်င်း သွင်းပေးနိုင်သည်။

စပါးမျိုးများနှင့် မြေဆီလွှာ အမျိုးအစားကိုလိုက်၍ ထောက်ခံထားသော မြေသြဇာနှုန်းထားနှင့် မြေသြဇာကျွေးသောအချိန်တို့ကို အချိန်ကိုက် အချိုးကျ ထည့်သွင်းရပါမည်။အောက်ခံမြေသြဇာအဖြစ် ကွန်ပေါင်းဓါတ်မြေသြဇာကို ၁ အိတ်/ဧက (သို့မဟုတ်) သဘာဝမြေသြဇာ(နွားချေးဆွေး/မြေဆွေး) ကို (၃)တန်/ဧက နှုန်းထားထည့်သွင်းရန် လိုအပ်ပါသည်။ စိုက်ပျိုးချိန်ကာလအတွင်း ယူရီးယား ၁အိတ်/ဧကကို မြေဆွေး ၃အိတ်/ဧက ရောစပ်ကာ ထည့်သွင်းပေးရမည်။

၆-၄။ရေသွင်း၊ရေထုတ်ပြုလုပ်ခြင်း

ရေသည် စပါးစိုက်ပျိုးခြင်းတွင် မရှိမဖြစ်လိုအပ်သော အရာ ဖြစ်ပြီး၊ အထွက်နှုန်းကို အကျိုး သက်ရောက်နိုင်သည်။ အပင်ငယ်အဆင့်တွင် ရေအနည်းငယ်သာ သွင်းရန်လိုအပ်ပြီး၊ ရေလွှမ်းအောင် သွင်းရန်မလိုအပ်ပေ၊ ပင်ပွားထွက်ချိန်(စပါးပင်သက်တမ်း ၂၀-၃၀ ရက်(သို့) ရွှေ့ပြောင်းစိုက်ပြီးရက် (၃၀) အကြာ) တွင်စပါးခင်းသည် ခြောက်သွေ့နေပါက စပါးပင်နှင့်အပြိုင်ဖြစ်သော ပေါင်းပေါက်ရောက် မှုကို များပြားစေသည်။ ထို့ကြောင့် ပင်ပွားထွက်ချိန်တွင်ရေကို (၂-၄လက်မ) ခန့်အထိ ရေသွင်းပေးထားခြင်းဖြင့် ပေါင်းပေါက်ရောက်မှုကို ထိန်းချုပ်နိုင်သည်။ စပါးပင်ရင့်မှည့်မှု ညီညာစေရန်အတွက် ပန်းပွင့်ပြီး ရက်(၂၀) အကြာနှင့် မရိတ်သိမ်းမီ(၇-၁၀) ရက်အလိုတွင် ရေပြောင် အောင်ထုတ်ထားရမည်။

၆-၅။ ပိုးမွှားရောဂါကာကွယ်ခြင်း/နှိမ်နင်းခြင်း

ပိုးမွှားရောဂါ ကျရောက်ဖျက်ဆီးမှုကို သက်ဆိုင်ရာဌာန၏ ညွှန်ကြားချက်များနှင့် အညီစစ်ဆေး ၍ သင့်တော်သော နည်းလမ်းများဖြင့် ထိရောက်စွာ ကာကွယ်နှိမ်နင်းပါ။ဘက်စုံပိုးမွှားရောဂါ ကာကွယ် နှိမ်နင်းနည်းစနစ် (Integrated Pest Management) ကိုသုံးစွဲ၍ပိုးမွှားရောဂါများကို ကာကွယ်ပြီး စီးပွားရေးအရ ထိခိုက်နိုင်သည့်အဆင့် သို့ ရောက်မှသာ ပိုး/ရောဂါ/ ပေါင်းသတ်ဆေးများကို သုံးစွဲရမည်။

စပါးသီးနှံ မရိတ်သိမ်းခင် ရက်ပေါင်းမည်မျှအလိုတွင် နောက်ဆုံးဆေးဖြန်းရန်အညွှန်း (Prehavest Interval) တရားဝင်  ထောက်ခံချက်များတွင် ဖော်ပြထားသည့်အတိုင်း စိုက်ကွက်တွင် သွင်းအားစုတစ်ခုခု သုံးစွဲခြင်းများကို ရပ်တန့်ရမည်။ ဆန်ပြည်ပတင်ပို့ရန် စိုက်ပျိုးထုတ်လုပ် ခြင်းဖြစ်ပါက တင်ပို့မည့်နိုင်ငံများမှ တားမြစ်ထားသည့် ဓာတုပစ္စည်းများအား သုံးစွဲခြင်း မပြုရပါ။ မှတ်ပုံတင်ထားသည့် ဓာတုဆေးများကိုသာ သုံးသင့်သည်။ သုံးစွဲသည့် ဓါတုဆေးများအား စနစ်တကျ မှတ်တမ်းထားရှိရမည်။

၇။အဆောက်အဦးများ ဆောက်လုပ်ထားရှိခြင်း 

စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်း၊ အခြောက်ခံခြင်း၊ သိုလှောင်ခြင်း၊ကြိတ်ခွဲခြင်း၊ ထုပ်ပိုးခြင်း တို့အတွက် အဆောက်အဦးများတည်ဆောက်ထားရန် လိုအပ်ပြီး ထွက်ကုန်များအား ရောဂါပိုးမွှား ကျရောက်နိုင်သည့် အလားအလာနည်း နိုင်သမျှ နည်းပါးဟေရန် စီမံထားရမည်။ လောင်စာဆီနှင့် လယ်ယာသုံးကိရိယာများကို သီးနှံများ ထုတ်ပိုးသိုလှောင်သည့် ဧရိယာမှ ဝေးရာတွင် ထားရှိခြင်းဖြင့် ထွက်ကုန်များတွင် ရောဂါပိုးနှင့် အမှိုက်သရိုက် ပါဝင်မှုများမှ ကင်းဝေးစေရန်ဖြစ်သည်။ မိလ္လာ၊ ရေဆိုး နှင့် ရေထုတ်မြောင်းစနစ်များကို သောက်သုံးရေဖြန့်ဖြူးသည့် နေရာနှင့် စပါးကုန်ချော ထုတ်လုပ်သည့် နေရာများမှ ကွာဝေးစွာတည်ဆောက်ခြင်းဖြင့် ညစ်ညမ်းမှု အန္တရာယ် ကျရောက်ခြင်းမှ ကာကွယ်နိုင်မည် ဖြစ်သည်။ ထုတ်ကုန်များနှင့် ထုတ်ပိုးမှုပစ္စည်းများအပေါ်ရှိ လျှပ်စစ်မီးလုံးများကို အကာအကွယ်များနှင့် ထားရှိရမည်။ စပါးအိတ်များအတွင်း မီးသီးအကွဲစများ၊ အခြားအန္တရာယ်ရှိ ပစ္စည်းများ  ပါဝင်ခြင်းကြောင့် ကုန်ပစ္စည်းများ ငြင်းပယ်ခံရနိုင်သည်။

၈။ရိတ်သိမ်းခြင်းနှင့်ခြွေလှေ့ခြင်း

စပါးကိုမှန်ကုန်သော ရိတ်သိမ်းချိန်တွင် ရိတ်သိမ်းပါက ဆန်ချောထွက်နှုန်းပိုမို ကောင်း မွန်သည်။ မှန်ကုန်သော စပါးရိတ်သိမ်းချိန် သတ်မှတ်ချက်များမှာ စပါးမျိုးကိုလိုက်၍ (က) ပန်းပွင့်ပြီး (၂၅-၃၅) ရက်အကြာ (သို့)  စပါးနှံများ၏ (၈၅%) ခန့်ရင့်မှည့်ချိန်(ခ) စပါးနှံ၏ အနည်းဆုံး၃/၄ခန့် အဝါရောင်သို့ပြောင်းချိန်(ဂ) ရိတ်သိမ်းချိန်တွင် အသုံးပြုသည့် ကိရိယာများ၊ စပါးထည့်သည့် ပစ္စည်းများ၊ ရိတ်သိမ်းသည့် နည်းလမ်းများသည် မျိုးကွဲများ ရောနှောနိုင်ပြီး စပါးအရည်အသွေးကို ထိခိုက်စေနိုင်သည်။ စပါးရိတ်သိမ်းရန် သင့်တော်မည့် အချိန်ကို အစီအစဉ်ဆွဲပါ။ ရိတ်သိမ်းရန် အတွက် အချိန်ဇယားရေးဆွဲ၍ ဆောင်ရွက်ပုံ အဆင့်ဆင့်ကို မှတ်တမ်းထား ရှိရပါမည်။ စက်ဖြင့် ရိတ်သိမ်းခြွေလှေ့ပါက အောက်ပါအတိုင်း ဆောင်ရွက်သင့်ပါသည်။

စပါးရင့်မှည့်မှု ညီညာစေရန် စပါးခင်းထဲမှရေကို မရိတ်သိမ်းမီ (၇-၁၀) ရက်ခန့်ကပင် ထုတ်ထားရပါမည်။ ချွေလှေ့စက်ဖြင့် ချွေလှေ့မည်ဆိုပါက ၎င်းစက်ဖြင့် ယခင်က ချွေလှေ့ခဲ့သော စပါး မျိုးကွဲကို သိရှိရန်လိုပါသည်။ ၎င်းစက်ဖြင့် ယခင်က အခြားမျိုးကွဲကို  ချွေလှေ့ခဲ့လျှင် စနစ်တကျ သန့်စင်အောင် ပြုလုပ်ရမည်။ ချွေလှေ့ရာတွင် အသုံးပြုမည့် ထွန်စက်၊ တိရစ္ဆာန်(သို့) အလုပ်သမားနှင့် ချွေလှေ့မည့် နေရာများသည် သန့်ရှင်း၍ အခြားမျိုးကွဲများ၏ စပါးစေ့(သို့) စပါးနှံများ ကင်းစင်ရမည်။ စပါးများရိတ်သိမ်းပြီးနောက် ချွေလှေ့ရာတွင် မျိုးကွဲပါဝင်မှုခွင့်ပြုချက်မှာ (၅%) အောက်ဖြစ်သည်။ ထိုမျိုးကွဲများပါဝင်သည့် ခွင့်ပြုချက်တွင် ဆန်နီပါဝင်မှုခွင့်ပြုချက်မှာ (၂%) အောက်ဖြစ်သည်။

၉။အခြောက်ခံခြင်း

စပါးကို အစိုအတိုင်းရောင်းဝယ်ခြင်းမပြုပါက ရိတ်သိမ်းပြီး ၂၄ နာရီအတွင်း အစိုဓာတ်ကျဆင်း စေရန် အခြောက်ခံသင့်သည်။ စပါးရိတ်သိမ်းပြီ်း စနစ်တကျ အခြောက်ခံခြင်းမပြုလျှင် စပါးများကို ကျိုးကြေစေ၍ ဆန်ထွက်နှုန်းနှင့် ဆန်အရည်အသွေး ကျဆင်းစေသည်။ ရောင်းဝယ်မည့် စပါး အစိုဓာတ် သည်(၁၅%) ထက်မကျော်စေရန်နှင့် သိုလှောင်ရန် စပါးအစိုဓာတ်မှာ (၁၃%) အောက် ရှိရမည် ဖြစ်သည်။ ခြောက်၍ သန့်ရှင်းသော မိုးကာစ၊ ပလပ်စတစ်ပေါ်တွင် စပါးကို အခြောက်ခံပါ။ စပါးစေ့များ ကျိုးကြေနိုင်းခြင်း၊ အခြားမသန့်စင်သော ပစ္စည်းများ ပါဝင်နိုင််ခြင်းကြောင့် ကွန်ကရစ် ကြမ်းပြင်ပေါ်တွင် စပါးစေ့ကို တိုက်ရိုက်ထား၍ အခြောက်မခံ သင့်ပါ။ သန့်စင်သော မိုးကာစပေါ်တွင် စပါး အထူ ၂ လက်မခန့် ရရှိအောင်ဖြန့်ပါ။ စပါးပုံထူပါက လေဝင်လေထွက်မကောင်းဘဲ အစိုဓါတ် လျှော့ချရန် နှေးပြီး စပါးပုံပါးလျှင် အပူချိန်ပြင်းပြင်းရရှိ၍ စပါးစေ့များ ကျိုးကြေနိုင်သောကြောင့် ဆန်ကြိတ်ခွဲရာတွင် အရည်အသွေးမကောင်းတော့ပါ။အခြောက်ခံသည့် ကြာချိန်သည် စပါး၏ ကနဦး အစိုဓါတ်၊ စပါးပုံ၏အထူ၊ အထက်အောက် လှန်ပေးမှု အကြိမ် အရေအတွက်ပေါ် မူတည်သည်။ စိုထိုင်းဆ ၁၂-၁၄% ထိရောက်အောင် ဆက်တိုက်အခြောက်ခံပါ၊ အခြောက်ခံခြင်းကို (၁) ရက်နှင့် မပြီးပါက စပါးပုံကို ပြန်စုပြီး ညအချိန် မိုးရေနှင့် နှင်းကျခြင်းမှ ကာကွယ်နိုင်ရန် ခြောက်၍ သန့်စင်သော မိုးကာစဖြင့် ဖုံးအုပ်ထားပါ။ အခြောက်ခံစက်ဖြင့် အခြောက်ခံပါက စက်၏ အပူချိန်သည် စိုထိုင်းဆ ၆၀% တွင် ၅၀ ံC ထက်မပိုသင့်ပါ၊ အခြောက်ခံနှုန်းအလွန်မြင့်ပါက စပါးစေ့များ ကျိုးကြေနိုင်ပါသည်။ ဆန်ကြိတ်ခွဲမည့် စပါးဖြစ်ပါက (၂၀၀-၄၀၀) တင်းအား အပူချိန် (၄၀-၅၀)  ံC တွင်(၈-၁၀) နာရီထား၍ အစိုဓာတ်၁၅% ခန့်အထိ အခြောက်ခံ နိုင်သည်။ အခြောက်ခံပြီးစပါးအား အေးသွားအောင်ပုံပါ။ အခြောက်ခံခြင်းကို သင့်တော်သော  အစိုဓာတ်ရရှိသည်အထိ ဆက်လက်၍ ဖြေးဖြေးချင်း အခြောက်ခံပါ။

၁၀။သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်းနှင့်ထုတ်ပိုးခြင်း

ဆန်နှင့်ဆန်ထွက်ကုန်ချောပစ္စည်းများ၏ အရည်အသွေးပျက်စီးခြင်းနှင့် စားသုံးသူအန္တရာယ် ဖြစ်စေနို်င်သော ပစ္စည်းများ ဝင်ရောက်ခြင်းနှင့် မျိုးကွဲရောနှောခြင်းမှ ကာကွယ်ရန် သယ်ယူပို့ဆောင် ချိန်နှင့် သိုလှောင်ချိန်တွင်အသုံးပြုသည့် ကိရိယာများနှင့် ထုတ်ပိုးပစ္စည်းများကို သန့်ရှင်းစွာ ထားရမည်။ စပါးစုဆောင်းသည့် နေရာနှင့် သိုလှောင်သည့် နေရာများကို ကျန်းမာရေးနှင့် လျော်ညီစွာ သန့်ရှင်းရေးပြုလုပ်၍ လေဝင်ထွက်ကောင်းစေရန် ဆောင်ရွက်ခြင်း၊ မိုးယိုခြင်းများမရှိစေရန် ဆောင်ရွက်ခြင်၊ ကြက်/ငှက် စသောတိရစ္ဆာန်များ ဝင်ရောက်ခြင်းမရှိစေရန် ကာကွယ်ခြင်းနှင့် အန္တရာယ်ဖြစ်စေသော ပစ္စည်းများနှင့် မျိုးကွဲများရောနှောခြင်းမှ ကာကွယ်ထားရမည်။

သိုလှောင်သည့်စပါးသည် မျိုးတစ်မျိုးထက်ပိုပါက မျိုးမရောစေရန်အတွက် သေချာစွာ ဂရုပြု ဆောင်ရွက်သင့်သည်။ ဆန်စပါးများကို အိတ်ဖြင့် သိုလှောင်မည်ဆိုပါက သိုလှောင်အိတ်များတွင် ထည့်သွင်းထားသည့် ပမာဏ၊ စတင်သိုလှောင်သည့်အချိန်၊ သိုလှောင်ထားသည့် စပါးမျိုးစသည် တို့တွင်ပါဝင်သော လေဘယ်များ တပ်ထားရန်နှင့် အစိုပြန်ခြင်းမှ ကာကွယ်ရန်နှင့် လေဝင်လေထွက် ကောင်းစေရန်အတွက် ကြမ်းပြင်နှင့် (၂-၃) လက်မခန့်မြင့်သော သစ်သားတုံးများပေါ်တွင် အိတ်များ ကို စီထပ်၍ သိုလှောင်ခြင်းပြုလုပ်သင့်သည်။ ကြိတ်ခွဲပြီး ဆန်များအား ထုတ်ပိုးမည့် ပါကင်အိတ် များသည် သန့်ရှင်းလုံခြုံမှုရှိရမည်။ သုံးစွဲသည့် ထုတ်ပိုးပစ္စည်းအမျိုးအစားနှင့် ထုတ်ပိုး သန့်စင်မှုစနစ် များကို မှတ်တမ်းတင်ထားရမည်။

ထုတ်ကုန်အရည်အသွေးပျက်စီးခြင်းနှင့် စားသုံးသူအား အန္တရာယ်ဖြစ်စေနိုင်သော ပစ္စည်းများ ဝင်ရောက်ခြင်းနှင့် မျိုးကွဲရောနှောခြင်းမှ ကာကွယ်ရန် သယ်ယူပို့ဆောင်ချိန်နှင့် သိုလှောင်ချိန်တွင် အသုံးပြုသည့်ကိရိယာများနှင့် ထုတ်ပိုးပစ္စည်းများကို သန့်ရှင်းစွားထားရမည်။ စပါးစုဆောင်းသည့် နေရာနှင့် သိုလှောင်သည့် နေရာများကို ကျန်းမာရေးနှင့်လျော်ညီစွာ သန့်ရှင်းရေး ပြုလုပ်၍ လေဝင် လေထွက် ကောင်းစေရန် ဆောင်ရွက်ခြင်းနှင့် အန္တရာယ်ဖြစ်စေသောပစ္စည်းများနှင့်မျိုးကွဲများ ရောနှောခြင်းများ မဖြစ်စေရန် ဆောင်ရွက်ခြင်း၊ သိုလှောင်သည့်စပါးသည် မျိုးတစ်မျိုးထက်ပိုပါက မျိုးမရောစေ ရန်အတွက် သေချာစွာဂရုပြု ဆောင်ရွက်သင့်သည်။

၁၁။တိရစ္ဆာန်နှင့် သိုလှောင်ဖျက်ပိုးများထိန်းချုပ်ခြင်း

အိမ်မွေးနှင့် လယ်ယာလုပ်ငန်းသုံး တိရစ္ဆာနများကို ထွန်ယက်ချိန်မှအပ စိုက်ပျိုးထုတ်လုပ် သည့် နေရာများတွင် ရှိမနေစေရပါ။ အထူးသဖြင့် သီးနှံများစိုက်ပျိုးသည့် နေရာနှင့် အနီးတဝိုက်၊ ရိတ်သိမ်း၊ ထုတ်ပိုး၊ သိုလှောင်၊ကြိတ်ခွဲသည့် နေရာများတွင် မရှိစေရပါ။ ထွက်ကုန်မျာအားကိုင်တွယ်၊ ပြုပြင်၊ ထုတ်ပိုး၊ သိုလှောင်သည့် နေရာနှင့် အနီးတဝိုက်တွင် အင်းဆက်ဖျက်ပိုးများ မရှိစေရန် ကြိုတင်စီမံ ကာကွယ်ထားရမည်။ ထွက်ကုန်များ၊ ထုတ်ပိုးခွံပစ္စည်းအစများ၊ အခြားပစ္စည်းများ၊ ကြွက်ထောက်ချောက်၊ ကြွက်သတ်ဆေး၊ မျှားစာ၊ ထောက်ချောက်များကို သတ်မှတ်နေရာများတွင် သာ သီးသန့်သိမ်းဆည်းရမည်။ စပါးစုဆောင်းသည့်နေရာနှင့် သိုလှောင်သည့်နေရာများကို အန္တရာယ် ဖြစ်စေသောပစ္စည်းများနှင့် မျိုးကွဲများ ရောနှောခြင်းများ မဖြစ်စေရန် ဆောင်ရွက်ခြင်း၊ သိုလှောင်သည့် စပါးသည် မျိုးတစ်မျိုးထက်ပိုပါက မျိုးမရောစေရန်အတွက် သေချာစွာ ဂရုပြု ဆောင်ရွက်သင့်သည်။

၁၂။အထောက်အထားနှင့်မှတ်တမ်းများထားရှိခြင်း

အသုံးပြုခဲ့သည့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ၏ မှတ်တမ်းများကို အစိုးရ ဥပဒေများအရ (သို့မဟုတ်) ဝယ်ယူသူဘက်မှ လိုအပ်ပါက စစ်ဆေးနိုင်ရန် အနည်းဆုံး (၂)နှစ်စာ (သို့မဟုတ်) ကာလရှည် သိမ်းဆည်းထားရမည်။ ကျင့်သုံးသည့်နည်းလမ်းများ မှန်ကန်စွာဆောင်ရွက် ခဲ့ကြောင်း သေချာစေရန် ဆောင်ရွက်ချက်အားလုံးကို အနည်းဆုံး တစ်နှစ်တစ်ကြိမ် ပြန်လည်သုံးသပ် ရမည်။ ချို့ယွင်းချက်များတွေ့ရှိပါက မှန်ကန်အောင်ပြုပြင် ဆောင်ရွက်ရမည်။ ပြန်လည် သုံးသပ်ခြင်း နှင့် ပြုပြင်ဆောင်ရွက်မှုများကို မှတ်တမ်းတင် သိမ်းဆည်းထားရမည်။ ထွက်ကုန်များ အန္တရာယ် ကင်းရှင်းမှုနှင့် ပတ်သတ်သည့် တင်ပြတိုင်ကြားချက်များကို ပြန်လည်ဖြေရှင်းရန် လုပ်ဆောင်ရ မည်ဖြစ်ပြီး တိုင်တန်းချက်နှင့် ဆောင်ရွက်ချက်များကို မှတ်တမ်းထားရမည်။ မှတ်တမ်းများကို အောက်ပါအတိုင်း မှတ်တမ်းတင်ထားရန် လိုအပ်သည်။

၁။မျိုးစေ့ရယူသည့်နေရာ

၂။ရေရရှိသည့်နေရာ

၃။မြေပြင်ခြင်း

၄။မျိုးကွဲပယ်ခြင်း

၅။ရောဂါ/ပိုးမွှားကျရောက်သည့် အပင်အရေအတွက်ကို စစ်တမ်းကောက်ယူခြင်းနှင့် ထိန်းချုပ်သည့် နည်းလမ်းများ

၆။ပိုးသတ်ဆေးအသုံးပြုခြင်း

၇။ရိတ်သိမ်းခြင်းနှင့် ချွေလှေ့ခြင်း နည်းလမ်းများ

၈။စပါးအစိုဓါတ်ပါဝင်မှုလျော့ချခြင်း

၉။စပါးထုတ်ပိုးခြင်းနှင့် သိုလှောင်ခြင်း

၁၀။ထုတ်ကုန်အရင်းအမြစ်၊ ထုတ်ကုန်များ သယ်ယူပို့ဆောင်ခြင်းနှင့် သိုလှောင်ခြင်းများ ဆောင်ရွက်ရာ လမ်းကြောင်းတစ်လျှောက် ခြေရာခံနိုင်ရန် မှတ်တမ်းထားရှိရမည်။

၁၃။နောက်ကြောင်းပြန်စစ်ဆေးခြင်းနှင့် ပြန်လည်သိမ်းဆည်းခြင်း

နောက်ကြောင်းပြန်စစ်ဆေးနိုင်ရန် မှတ်တမ်းပြုစုခြင်းနှင့် မှတ်တမ်းထိန်သိမ်းခြင်းအား အောက်ပါအတိုင်း စစ်ဆေးရပါမည်။

စိုက်ပျိုးထုတ်လုပ်စဉ် စီမံခန့်ခွဲမှုမှတ်တမ်းများကို လက်ရှိရာသီအချိန်နှင့်အညီ ဖြည့်စွက် မှတ်တမ်းရေး သွင်းထားရမည်။ ထာဝန်ရှိသော သက်ဆိုင်ရာပုဂ္ဂိုလ်၏ လက်မှတ်နှင့်အတူ ဆောင်ရွက်ချက်များ အားလုံးကို အသေးစိတ်မှတ်သားထားရမည်။ လက်ကွက်သည် တစ်ကွက်ထက်ပိုပါက အကွက် အလိုက် မှတ်တမ်းများထားရမည်။ စိုက်ပျိုးသောသီးနှံများ ရာသီအလိုက် အုပ်စုခွဲခြားသတ်မှတ်၍ ပြန်လည် အသုံးချဆောင်ရွက်နိုင်ရန်အတွက် မှတ်တမ်းများကို ဖြည့်စွက်ခြင်းကို ဆောင်ရွက်ရမည်။ ဆောင်ရွက်ချက်များနှင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့် ပတ်သတ်သည့် အချက်အလက် မှတ်တမ်းများ ထူးခြားသည့် အထောက်အထားများကို စီမံခန့်ခွဲနိုင်သည့် ပုဂ္ဂိုလ်(သို့) ကုန်သွယ်မှုပြုမည့်သူ၏ လိုအပ်ချက်အရ သော်လည်းကောင်း၊ အနည်းဆုံး (၃)နှစ် ဆက်တိုက် ကောင်မွန်စွာ သိမ်းဆည်း ထားရမည်။ အောက်ပါမှတ်တမ်းမှတ်ရာများကို မှတ်တမ်းယူ သိမ်းဆည်းထားရပါမည်။

–           ပိုးသတ်ဆေးသုံးစွဲမှု မှတ်တမ်းယူခြင်း

–           မျိုးစပါးရရှိသောနေရာ မှတ်တမ်းယူခြင်း

–           မြေယာပြုပြင်ခြင်းနှင့် မျိုးကွဲပယ်ခြင်း လုပ်ငန်းမှတ်တမ်းယူခြင်း

–           ပိုးမွှားရောဂါကျရောက်မှု ကွင်းဆင်းစစ်ဆေးခြင်းနှင့် ပိုးမွှားကာကွယ် နှိမ်နင်းခြင်း မှတ်တမ်း

–           ဓါတ်မြေသြဇာအသုံးပြုမှု မှတ်တမ်းယူခြင်း

–           ရိတ်သိမ်းခြင်း၊ ချွေလှေ့ခြင်း ဆောင်ရွက်ချက် မှတ်တမ်းယူခြင်း

–           အခြောက်ခံဆောင်ရွက်မှု မှတ်တမ်းယူခြင်း

–           စပါးထုတ်ပိုးခြင်းနှင့် သိုလှောင်ခြင်း ဆောင်ရွက်မှု မှတ်တမ်းယူခြင်း

–           အသုံးပြုသော ပစ္စည်းစာရင်းများ၊ ကိရိယာများထားသောနေရာ၊ သိုလှောင်သော နေရာ အသေးစိတ် ဖော်ပြချက်များကို မှတ်တမ်းယူပါ။ ၎င်းမှတ်တမ်းများမထားရှိခဲ့ပါက ကိရိယာတန်ဆာပလာများကို သန့်စင်အောင်၊ စိတ်ချရအောင် ပြုလုပ်ပြီးမှ အသုံးပြုပါ။ ၎င်းတို့ကို အမျိုးအစားခွဲခြား၍ သိသာထင်ရှားသော ဖော်ပြချက်များဖြင့် အစီအစဉ် တကျ ထားရမည်။

–           မြေ၊ရေ၊အခြား စိုက်ပျိုးထုတ်လုပ်မှုတွင် လိုအပ်သည့် ဓါတ်ခွဲစမ်းသပ်ထားသည့် အဖြေများ ကို မှတ်တမ်းယူခြင်း

–           တစ်ဧက ထုတ်လုပ်မှု ကုန်ကျစရိတ်ကို မှတ်တမ်းယူခြင်း၊ တစ်ဧက ထုတ်လုပ်မှု အကျိုးအမြတ်ကို သိရန် မှတ်တမ်းယူခြင်း

သိုလှောင်ရုံနှင့် သယ်ယူပို့ဆောင်သော ယာဉ်များအတွင်းရှိ ကုန်ပစ္စည်းများကို ၎င်းတို့၏ ပစ္စည်းနံပါတ်၊ အမှတ်အသား၊ လက်မှတ်(သို့) စိုက်ပျိုးထုတ်လုပ်သည့် နေရာ(သို့) ရိတ်သိမ်းသည့် နေ့စွဲတို့ကို ဖော်ပြနိုင်သည့် သတင်းအချက်အလက်များအား ရှင်းလင်စွာ ဖော်ပြထားပြီး ထည့်သွင်း ပစ္စည်းတွင် ထွက်ကုန်၏ ထွက်ရှိရာဒေသတို့ကို အလွယ်တကူ သိရှိနိုင်ရန် ချိတ်ဆွဲ ဖော်ပြထားရမည်။

၁၄။သင်တန်း

ဆန်းစပါးဂျီအေပီစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်မည့် အလုပ်ရှင်နှင့် အလုပ်သမားများသည် ကောင်းမွန်သည့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများကို သိရှိဆောင်ရွက်နိုင်ရန် မိမိတို့ တာဝန်ယူရသည့် လုပ်ငန်းနယ်ပယ်အလိုက် အသိပညာနှင့် ကျွမ်းကျင်မှုရှိရမည်။

ဆန်စပါး စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်း(Good Agricultural Pracitices) ဆောင်ရွက်နိုင်ရေးအတွက်-

(၁)        အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးကဏ္ဍ(Food Safety Module)

(၂)       ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍ(Environmental Management Module)

(၃)       သီးနှံများ၏ အရည်အသွေးကဏ္ဍ(Produce Quality Module)

(၄)       လုပ်သားများကျန်းမာရေး-ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လူမှုဘဝသာယာရေးကဏ္ဍ

(Worker, health, Safety and Welfare Module) ဆိုင်ရာ သင်တမ်းများ ပို့ချပေးရမည်။

တက်ရောက်ခဲ့သည့် သင်တန်းများကို မှတ်တမ်းတင်ထားရမည်။

၁၅။ဆောင်ရွက်ကျင့်သုံးမှုများကို ပြန်လည်သုံးသပ်ခြင်း

ထုတ်လုပ်သူများအနေဖြင့် ကျင့်သုံးနေသည့် နည်းလမ်းများအား မှန်မှန်ကန်ကန် ဆောင်ရွက်ကြောင်းသေချာစေရန်  လုပ်ငန်းအားလုံးကို အနည်းဆုံး တစ်နှစ်တစ်ကြိမ် ပြန်လည် စစ်ဆေးရမည်။ တိုင်ကြားချက်များရှိပါက မိမိကိုယ်တိုင် ဖြေရှင်းဆောင်ရွက်ရမည်ဖြစ်ပြီး၊ ဤဆောင်ရွက်မှုများအတွက် မှတ်တမ်းများ ထိန်းသိမ်းထားရှိရမည်။

၁၆။တစ်ကိုယ်ရည်သန့်ရှင်းခြင်းနှင့် လုပ်သားများဘဝသာယာဝပြောခြင်း

တစ်ကိုယ်ရည်သန့်ရှင်းမှုအလေ့အကျင့်များ ရေးသားထားသော ညွှန်ကြားချက်များကို အလုပ်သမားများအား ဖြန့်ဝေပေးရုံသာမက ထင်ရှားသော နေရာများတွင် ပြသထားရှိရမည်။ အလုပ်သမားမျာအတွက် အိမ်သာများ၊ လက်ဆေးသန့်ရှင်းစင်ကြယ်စေမည့် ပစ္စည်းများအား အလွယ် တကူထားရှိရမည်ဖြစ်ပြီး ၎င်းတို့ကို သန့်ရှင်းအောင် အစဉ်ထိန်းသိမ်းထားရှိရမည်။ စွန့်ပစ်ပစ္စည်း များကို အလုပ်သမားများအတွက် အန္တရာယ်လျော့နည်းစေမည့် နေရာများတွင် စွန့်ပစ်ရမည်။ အလုပ်ရှင်က ကျန်းမာရေးနှင့် ဆေးဝါးပစ္စည်းများ အထောက်အပံ့ပေးရာတွင် အရေးကြီးသော ကျန်းမာရေးဆိုင်ရာ ကိစ္စများအတွက် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများအား သတင်းပေးပို့ရမည်။ အလုပ်ရှင်သည် အလုပ်သမားအိမ်ယာများကို လုပ်သားများ လိုအပ်ချက်နှင့် ကိုက်ညီပြီး အခြေခံ လိုအပ်ချက်များ ပြည့်စုံအောင် ဆောင်ရွက်ပေးရမည်။ အလုပ်လုပ်ရန် အနိမ့်ဆုံးအသက်သည် နိုင်ငံတော်က သတ်မှတ်ထားသော စည်းမျဉ်းအချက်အလက်များနှင့် ကိုက်ညီရပါမည်။ သတ်မှတ်ချက် မရှိပါက အလုပ်သမားများသည် အသက်(၁၈)နှစ် အထက်ဖြစ်ရပါမည်။ အလုပ်သမားအသစ်များကို အလုပ်စတင်ဝင်ရောက်သည့်အခါ တစ်ကိုယ်ရည်သန့်ရှင်းရေး၊ ကျန်းမာရေးကိစ္စများ၊ ယာဉ်နှင့် စက်ကိရိယာများကို ဘေးအန္တရာယ်ကင်းစွာ ကိုင်တွယ်သုံးစွဲရေးတို့နှင့် ပတ်သတ်၍ ပညာပေး သင်တန်းများ ပို့ချထားရမည်။နိုင်ငံခြား အလုပ်သမားများအား ကျန်းမာရေးစစ်ဆေးရေးကို မဖြစ်မနေ ဆောင်ရွက် ရပါမည်။ ယင်းမှတ်တမ်းကို သိမ်းဆည်းထား ရှိရမည်။