သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

စပါး-ငါး စနစ်များ ဖွံဖြိုးတိုးတက်စေရေးစီမံကိန်း ကော်မတီအစည်းအဝေးကျင်းပ


စပါး-ငါး စနစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေး စီမံကိန်း ကော်မတီအစည်းအဝေးကို မေလ ၂၈ ရက်နေ့ နံနက်ပိုင်းက နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော် တက်ရောက် အဖွင့်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်မော်၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း၊ WorldFish နှင့် IRRI တို့မှ ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ကြသည်။

အမြဲတမ်းအတွင်းဝန်က အဖွင့် အမှာစကား ပြောကြားရာတွင် စပါးနှင့် ငါးသည် နေ့စဉ်စားသုံးမှုတွင် အဓိကကျသော အစာရိက္ခာဖြစ်ကြောင်း၊ တောင်သူများအား စိုက်ပျိုးရေးနှင့်မွေးမြူရေး (၂) ရပ်လုံး ဆောင်ရွက်သွားနိုင်မည့် ထုတ်လုပ်မှုစနစ်များကို တိုးချဲ့ဆောင်ရွက်သွားရန် တွန်းအားပေး ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ဆက်လက်ပြီး WorldFish မှ Country Director ဖြစ်သူ Mr. Michael Akester နှင့် IRRI မှ Project Leader ဖြစ်သူ Dr. Grant Singleton တို့က အမှာစကားပြောကြားသည်။

ACIAR ၏ ရန်ပုံငွေ ပံ့ပိုးမှု၊ WorldFish, IRRI တို့၏ နည်းပညာ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် ဆောင်ရွက်လျက်ရှိသည့် စပါးငါး စီမံကိန်းမှာ ပြည်တွင်းပြည်ပ အတွေ့အကြုံများနှင့် တိုးတက်အောင် ဆောင်ရွက်မည့် အခွင့်အရေးများ ရရှိလာမည် ဖြစ်ကြောင်း ၊ စီမံကိန်းအနေဖြင့် ဧရာဝတီတိုင်းဒေသကြီး အပြင် ပဲခူးတိုင်းဒေသကြီး၌လည်း စမ်းသပ်ဆောင်ရွက်လျက်ရှိကြောင်း၊
စပါးငါးစနစ်လုပ်ငန်းများ တိုးတက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် သက်ဆိုင်ရာဌာနများက တက်ကြွစွာပူးပေါင်းပါဝင်ကြရန်လိုကြောင်း အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော် က ပြောသည်။

ယနေ့အစည်းအဝေးသို့ တက်ရောက်လာကြသူများက စီမံကိန်းဆောင်ရွက်မှု အစီရင်ခံစာ၊ ၂၀၁၉-၂၀ နှစ်ပတ်လည်လုပ်ငန်းအစီအစဉ်အတွက် လုပ်ငန်းဆိုင်ရာ၊ နည်းပညာဆိုင်ရာနှင့် လူမှုရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။