စိုက်-မွေးသုတ သီးနှံပိုးမွှားရောဂါ

ငမြှောင်တောင်ပိုး (Fall Armyworm – FAW)

မြန်မာနိုင်ငံတွင် နှစ်စဉ် အစေ့ထုတ်ပြောင်း စိုက်ပျိုးလျက်ရှိပြီး မိုးရာသီနှင့်ဆောင်းရာသီတွင် အဓိက စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။ မိုးအစေ့ထုတ်ပြောင်းအနေဖြင့် ဧက(၁၁ သိန်း)ခန့်ကို ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် အဓိကထား စိုက်ပျိုးလေ့ရှိသည်။ ဆောင်းအစေ့ထုတ်ပြောင်းအနေဖြင့် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မန္တလေး တိုင်းနှင့် မကွေးတိုင်းတို့တွင် အဓိကထားပြီး ဧက (၁.၅ သိန်း)ခန့် စိုက်ပျိုးလေ့ရှိပါသည်။ ထို့အပြင် မိုးနှင့် ဆောင်း ဖူးစားပြောင်းတို့ကို နေရာအနှံ့ ဧက (၄ သိန်း)ခန့်စီ စိုက်ပျိုးကြသည်။

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ စတုတ္ထပတ်မှစ၍ ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြောင်းစိုက်ဧရိယာ (၁၄၂၁၂၀)ဧကအနက် ပုသိမ်ခရိုင်၊ ဟင်္သာတခရိုင်၊ မအူပင်ခရိုင်နှင့် မြောင်းမြခရိုင်တို့ရှိ မြို့နယ်(၁၅)မြို့နယ် အတွင်း (၁၃၆၀၁၃)ဧကတွင် ဖော+ငမြှောင်တောင်ပိုး ဖျက်စီးမှုကို တွေ့ရှိကာကွယ်လျက်ရှိရာ စီးပွားရေး အရ ထိခိုက်စေနိုင်သော ဧကမှာ (၃၉၅၇၂)ဧက ဖြစ်ပြီး ယနေ့ထိ (၆၅၅၉)ဧက ထိခိုက်မှုရှိနေပါသည်။  

လတ်တလောတွင် မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ နေပြည်တော် ခရိုင်၊ နေပြည်တော်နှင့် တပ်ကုန်းမြို့နယ်၊ ရှမ်းပြည်နယ်(အရှေ့)၊ကျုံတုံမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်၊ ဓနုဖြူမြို့နယ်၊ ဇလွန်မြို့နယ်နှင့် ဟင်္သာတမြို့နယ်အတွင်းရှိ ဆောင်းအစေ့ထုတ် ပြောင်းသီးနှံစိုက်ခင်းများတွင် ကျရောက်နေသော ငမြှောင်တောင်ဖျက်ပိုးမျိုးစိတ်အသစ် (Fall Armyworm -FAW)ဖြစ်ကြောင်း အတည်ပြုသတ်မှတ်သည်။ ယင်းမျိုးစိတ်မှာ မူရင်းဒေသ အမေရိကဖြစ်သည့် ဖော+ ငမြောင်တောင်ပိုး (Fall Armyworm-FAW) Spodopteraflugiperda (J.E Smith) (Lepidoptera: Noctuidae)သည် ၂၀၁၆တွင် အာဖရိကနိုင်ငံများသို့ ရောက်ရှိပြီး ၂၀၁၈ တွင် အာရှတိုက်အတွင်းရှိ အိန္ဒိယ နိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ပျံ့နှံ့ရောက်ရှိကာ ဖျက်ဆီးလျက်ရှိသည်။ ဖော+ငမြောင်တောင် ဖျက်ပိုးမျိုးစိတ်အသစ်သည် ပြောင်းနှင့် အခြားသီးနှံများ ဖြစ်သည့် စပါး၊ ဟင်းသီးဟင်းရွက်၊ ဝါသီးနှံ အပါအဝင် အခြားသီးနှံအမျိုးအစား စုစုပေါင်း(၈၀)ကျော်တို့အား ကျရောက်ဖျက်ဆီးနိုင်သည့်အပြင် တစ်ည အတွင်း ကီလိုမီတာ (၁၀၀)အထိ ပျံသန်းနိုင်စွမ်းရှိသဖြင့် တနေရာမှတနေရာသို့ လျှင်မြန်စွာပျံ့နှံ့ ရောက်ရှိ နိုင်ပါသည်။ ယခု မြန်မာနိုင်ငံတွင် ဖျက်စီးမှုအပင်အနေဖြင့် ပြောင်းပင်၏ပင်ပိုင်းကြီးထွားချိန်နှင့် မျိုးပွား ချိန်တွင် ဖျက်ဆီးမှုအများဆုံးဖြစ်ကြောင်းတွေ့ရှိရပါသည်။ (Fall Armyworm-FAW) ဖော+ငမြောင်တောင် ဖျက်ပိုးများသည် ဥမြုံဘဝနှင့် လောက်ကောင်ငယ်အဆင့်တွင် နှိမ်နင်းရန် အကောင်းဆုံးအချိန်ဖြစ်သဖြင့် မိမိတို့၏ စိုက်ခင်းအတွင်း အပင်ငယ်စဉ် Tassel မထွက်ခင် အဆင့်အထိ ကင်းထောက်စစ်ဆေးခြင်းများ အဆက်မပျက် ပြုလုပ်၍ ကာကွယ်ရမည်ဖြစ်ပါသည်။

(Fall Armyworm-FAW)ဖော+ငမြောင်တောင်ဖျက်ပိုးမျိုးစိတ်အသစ်သည် ပျံ့နှံ့နှုန်းနှင့်ပေါက်ပွား နှုန်း အလွန်မြန်သဖြင့် ထိရောက်စွာ ကာကွယ်နှိမ်နင်းခြင်း မရှိပါက သီးနှံအထွက်နှုန်းလျော့ကျ စေနိုင်ပြီး အကျိုးစီးပွားထိခိုက်သည်အထိ ဖျက်ဆီးနိုင်မည်ဖြစ်သဖြင့် အလေးထားကာကွယ်သင့်သည့် ဖျက်ပိုးဖြစ် ပါသည်။ စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ဖျက်ပိုးကာကွယ်နှိမ်နင်း ထိန်းချုပ်ရန် အတွက် ကြိုတင်အသိပေးနှိုးဆော်ချက်များ ထုတ်ပြန်ပြီးဖြစ်ပါသည်။

ဘက်စုံကာကွယ်နှိမ်နင်းရေးနည်းလမ်းများ

(၁)     စိုက်ချိန်အား စောနိုင်သမျှစောစောစိုက်ပါ။ သီးလှည့်စိုက်ပျိုးပါ။

(၂)     ဘဝစက်ဝန်းဆက်လက်ရှင်သန်နိုင်သဖြင့် ပိုးကျထားသော ပင်ကျွင်းပင်ကျန်များအား မီးရှို့ပါ။ စိုက်ခင်းပတ်ဝန်းကျင်ရှိပေါင်းမြတ်များအား ရှင်းလင်းပါ။

(၃)     သက်တမ်းတူသောမျိုးစိတ်များအား စိုက်ချိန်တပြိုင်နက်တည်းစိုက်ပျိုးပါ။

(၄)     လောက်ကောင်၊ ရုပ်ဖုံးများ မြေပေါ်ပြီးသေစေရန် ထယ်ထိုးထွန်မွှေနက်နက်ထွန်ပါ။

(၅)     မိမိစိုက်ခင်းအား အပင်ငယ်စဉ်ကတည်းက ကင်းထောက်စစ်ဆေး၍ ဥမြုံများနှင့် လောက်ကောင် များ တွေ့ရှပါက ချက်ချင်း လက်ဖြင့်ကောက်ယူဖျက်စီးပါ။

(၆)     မီးထောင်ချောက်များထွန်း၍ ဖလံများအား ဖမ်းယူဖျက်ဆီးပါ။

 

ကာကွယ်နှိမ်နင်းရေးနည်းလမ်းများ

(၁)     ငမြှောင်တောင် ဖျက်ပိုးကျရောက်မှု ဆက်လက်မဖြစ်ပေါ်စေရေးအတွက် တောင်သူများမှ မိမိ စိုက် ခင်းများတွင် အစုအဖွဲ့အလိုက် ဥမြုံများအား ရှာဖွေဖျက်ဆီးရန်နှင့် ပိုးသတ်ဆေးများအား စနစ် တကျ ပက်ဖျန်းကာကွယ်ခြင်း၊

(၂)     ငမြှောင်တောင်ဖျက်ပိုးသည် ပြောင်းစိုက်ခြင်းများ၏မြေကြီးအတွင်း ရုပ်ဖုံးအဖြစ် ပြောင်းလဲ ခိုအောင်းလျက်ရှိရာ ၄င်းရုပ်ဖုံးများမှ ဖလံများအဖြစ် ပြန်လည်ပေါက်ဖွားလာပြီး ငမြှောင်တောင်ပိုး ကျရောက်မှု အစုအလိုက် အပြုံလိုက် ထပ်မံဖြစ်ပေါ်လာနိုင်ပါသဖြင့် လူထုလှုပ်ရှားမှုအသွင်ဖြင့် စုပေါင်းကာကွယ်နှိမ်နင်းခြင်း၊

(၃)     ကုမ္ပဏီအဖွဲ့အစည်းများနှင့်ပူးပေါင်းကာ  နည်းပညာအသစ် Drone Sprayer များ အသုံးပြု၍ ငမြှောင်တောင်ဖျက်ပိုး၏ ဥမြုံများ၊ လောက်ကောင်များ၊ ရုပ်ဖုံးများနှင့် အကောင်ကြီးများ နှိမ်နင်း ခြင်း လုပ်ငန်းကို ပိုးမွှားကျရောက်မှုပြင်းထန်သည့် အစေ့ထုတ်ပြောင်းခင်းများတွင် အသုံးပြုနှိမ်နင်း ခြင်း၊

(၄)     ဓါတုပိုးသတ်ဆေးများ ပတ်ဖျန်းရာတွင် အပင်ငယ်စဉ်အချိန်၌ အပင်(၅၀)တွင် (၁၀)ပင်နှင့်အထက်၊ အဖူးဝင်ပြီး အပင်မျိုးပွားချိန်၌ အပင်(၅၀)တွင် (၂၀)ပင်နှင့်အထက် ဖျက်ပိုးကျရောက်နေပါက မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားပြီး တရားဝင်ခွင့်ပြုထားသော ထိသေ၊ စားသေ ပိုးသတ်ဆေးများ ဖြစ်သည့် ဖလူလန်ဒိုင်ရာမိုင် ၂၄%  ဒဗလျူဂျီ၊ ကလိုရန်ထရန်နီလီပရိုး ၅၁.၅% အက်စီ၊ အင်ဒိုဇာ ကပ် ၁၅%အက်စီ၊ အင်ဒိုဇာကပ် ၁၇% x လန်ဘဒါဆိုင်ဟေလိုသရင်း ၁၅% ဒဗလျူပီ၊ ဆိုင်ပါမီသ ရင်း ၃% x အီမာမက်တင်ဘမ်ဇိုအိတ် ၀.၂% အမ်အီး၊ ကလိုဖန်နပါ ၁၀% အက်စီ အစရှိသည့် ပိုးသတ်ဆေးများအား အပင်ထိပ်ပိုင်း အရွက်အဝိုင်းထဲသို့ ဝင်ရန် ထိထိမိမိ ပတ်ဖျန်းပါ။

မှတ်ချက်။      ပိုးသတ်ဆေး ယဉ်ပါးမှုများ မဖြစ်ပေါ်စေရန် ပိုးသတ်ဆေးအညွှန်းစာများ၌ ပါရှိသော ဆေးနှုန်းထား ပြည့်မီစွာ သတိပြုပတ်ဖျန်းရန်နှင့် မတူညီသော ဆေးအုပ်စုများအား အလှည့်ကျ သုံးစွဲ၍ ပိုးသတ်ဆေးများအား ညနေပိုင်းတွင်သာ ပက်ဖျန်းပါက ပိုမိုထိရောက်သည်။

စိုက်ပျိုးရေးဦးစီးဌာန

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန