နယ်သတင်းများ သတင်းကဏ္ဍ

ဂန့်ဂေါမြို့နယ် တွင် စမ်းသပ်ကွက်၊ စံပြကွက်များ စိုက်ပျိုးမည့် တောင်သူများအား သီးနှံမျိုးစေ့များ ထောက်ပံ့ပေးအပ်

၂၀၁၉ ခုနှစ်၊ မိုးရာသီတွင် စမ်းသပ်ကွက်၊ စံပြကွက်များ စိုက်ပျိုးမည့် တောင်သူများအား မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန က သီးနှံမျိုးစေ့များ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို မေလ ၂၉ ရက်နေ့ နံနက်ပိုင်းက ဂန့်ဂေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ရာ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဆန်းဝင်း က အမှာစကား ပြောကြားပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်း က ထောက်ပံ့ပေးအပ်သောမျိုးစေ့များကို အကျိုးရှိစွာသုံးစွဲနိုင်ရေးဆွေးနွေးပြောကြားသည်။

ဆက်လက်၍  ဂန့်ဂေါခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးကျော်မင်းသန့် က စိုက်ပျိုးရေးဦးစီးဌာန ၏  စိုက်ပျိုးရေးနည်းပညာပြန့်ပွားရေးလုပ်ငန်းများ နှင့် သီးနှံမျိုးကောင်းမျိုးသန့်များ သုံးစွဲနိုင်ရေး ဆောင်ရွက်နေမှု၊ တောင်သူပညာပေး စမ်းသပ်ကွက်၊ စံပြကွက်များ ဆောင်ရွက်နေမှုများ ကိုလည်းကောင်း၊ မြို့နယ်ဦးစီးမှူး ဦးထင်အောင်ကြွယ် က မျိုးစေ့များ ထောက်ပံ့ပေးအပ်ခြင်းလုပ်ငန်းနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းပြောကြား ကာ တောင်သူများကိုယ်စား မြောက်ခင်ရန်းကျေးရွာ မှ တောင်သူ ဦးဝင်းကြိုင်က ကျေးဇူးတင်စကား ပြောကြားသည်။

            ယနေ့ကျင်းပသော မျိုးစေ့များ ထောက်ပံ့ပေးအပ်ပွဲတွင် ဧရာမင်းစပါးမျိုး ၂၇ တင်း၊ မနောသုခ စပါးမျိုး တင်း ၉၀ ၊ ရတနာတိုးစပါးမျိုး ၁၂ တင်း၊ ထိုင်နှံကောက်စပါးမျိုး ၁၉၄ တင်း၊ စုစုပေါင်း မျိုး စပါး ၃၂၃ တင်း နှင့် စမုံနက်နှမ်းမျိုး ၁၄ တင်း ၆ ပြည်၊ မြေပဲမျိုး(ဆင်းပဒေသာ-၁၁)  ၂၄တင်း၊ ပဲတီစိမ်းမျိုး (ရေဆင်း-၁၄) ၄ တင်း တို့ကို စမ်းသပ်ကွက်၊ စံပြကွက်များ စိုက်ပျိုးမည့် တောင်သူ ၁၉၉ ဦး တို့ထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။