ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ကျေးရွာငွေတိုက်စနစ် SMG ထူထောင်ရန် မီးခံသေတ္တာများ ပေးအပ်

ကျေးရွာငွေတိုက်စနစ်SMGထူထောင်ရန် မီးခံသေတ္တာများ ပေးအပ်ပွဲအခမ်းအနား ကို မေလ ၂၉ ရက် နံနက် ၁၀ နာရီ အချိန်က နေပြည်တော် ရုံးအမှတ်၁၅ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနား သို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးလှကျော် ၊ အမြဲတမ်းအတွင်းဝန် ဦးကျော်ငွေ ၊ စီမံကိန်းဦးစီးဌာန နှင့် စိုက်ပျိုးရေးဦးစီးဌာန တို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိ သူများ၊ အလှူရှင် Korea Federation of Community Credit Cooperatives (KFCCC) မှ ဒုတိယဥက္ကဌ Mr. Hwang Kook Hyun ၊ အမှုဆောင် ဒါရိုက်တာ နှင့် မန်နေဂျာများ တက်ရောက်ကြသည်။

            စီမံကိန်းကာလကို (၅)နှစ် သတ်မှတ်ထားပြီး အောင်မြင်မှုအပေါ်မူတည်၍ စီမံကိန်း ကာလအား တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ပြီး လက်ရှိတွင် မြန်မာဆေးမာလ်အူး အွန်ဒုန်စီမံကိန်း ဆောင်ရွက်လျက်ရှိသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး(၇)ခုမှ ကျေးရွာ ငွေတိုက်စနစ် ထူထောင်ရန် စိတ်ပါဝင်စားသည့် ကျေးရွာ(၁၃)ရွာ၌ ငွေကြေးစုဆောင်းသည့် လုပ်ငန်းအား စတင်ဆောင်ရွက် လျက်ရှိပြီး ၊ ကျေးရွာတစ်ရွာစီ၏ ငွေကြေးစုဆောင်း ထားရှိပြီးသည့် ပဏာမမှာ ကျေးရွာ အလိုက် ကျပ်(၂)သိန်း မှ ကျပ်သိန်း (၇၀၀) ထိ ရှိကြောင်း။ SMGကျေးရွာထူထောင်ခြင်းအတွက် ပြည်တွင်းသင်တန်း(၂)ကြိမ် ဆောင်ရွက် ပြီးစီးပြီး စုစုပေါင်း ကျေးရွာခေါင်းဆောင်နှင့် ကျေးရွာတာဝန်ခံ(၁၇၆) ဦးအား စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (AERDTC) တွင် သင်တန်းပို့ချဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။

သက်ဆိုင်ရာဌာနများ၏ သဘောထားမှတ်ချက်များရရှိပြီးပါက ကျေးရွာငွေတိုက် စနစ် ထူထောင်ခြင်း စီမံကိန်းနားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေး အတွက် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ ယနေ့အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန (ရုံးချုပ်)နှင့် လက်ရှိ ဆောင်ရွက်လျက်ရှိသည့် ကျေးရွာ(၁၃)ရွာအတွက် တစ်လုံးလျှင်(၉၉၅,၀၀၀)ကျပ်တန်ကြေး ရှိသည့် မီးခံသေတ္တာ (၁၄)လုံးအား ပေးအပ်ခြင်းဖြစ်ကြောင်း၊ စီမံကိန်း၏ အဓိကရည်ရွယ်ချက်မှာ ကိုရီးယား နိုင်ငံ၊ ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်၏ အောင်မြင်မှုနှင့်ပတ်သက်သော ဗဟုသုတများ အား မျှဝေခြင်းဖြင့် MOALI နှင့် KFCCC အကြား အပြန်အလှန်ပူးပေါင်းဆောင်ရွက်ပြီး မြန်မာနိုင်ငံရှိ ကျေးလက်ဒေသစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအား မြှင့်တင်ရန်နှင့် ကျေးလက်နေ ပြည်သူများ၏စီးပွားရေး အဆင့်အတန်းများ မြင့်တက်လာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။