နယ်သတင်းများ သတင်းကဏ္ဍ

ကရင်ပြည်နယ်တွင် စိုက်ပျိုးပညာပေးရေးလုပ်ငန်းခွင်အသုံးချ “ရွှေခရု နှင့် ကြွက် ကာကွယ်နှိမ်နင်းခြင်း နည်းပညာပေး(TOT)သင်တန်း” ဖွင့်လှစ်


ကရင်ပြည်နယ် အစိုးရအဖွဲ့ နှင့် GMSAEDC (Greater Mekong Subregion Agriculture and Education Development Center)တို့ ပူးပေါင်း၍ “ရွှေခရု နှင့် ကြွက် ကာကွယ်နှိမ်နင်းခြင်း နည်းပညာပေး(TOT)သင်တန်း” ဖွင့်ပွဲအခမ်းအနားကို မေလ ၂၄ ရက် နံနက် (၉)နာရီအချိန် က ပြည်နယ်စိုက်ပျိုးရေးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဦးစီးမှူး ဦးသန်းထိုက် နှင့် ပြည်နယ်ရုံးတာဝန်ရှိသူများ၊ သင်တန်းပို့ချပေးကြမည့် နေပြည်တော် နှင့် ရန်ကုန် (ရုံးချုပ်-ဌာနခွဲ)တို့မှ ပညာရှင်များ၊ ပြည်နယ်/ခရိုင်/မြို့နယ် စိုက်ပျိုးပညာပေးဝန်ထမ်းများနှင့် NGOs / INGOs အဖွဲ့အစည်းများမှ ဝန်ထမ်း သင်တန်းသူ/သင်တန်းသား(၅၂)ဦးတို့ တက်ရောက်ကြသည်။
မိုးသီးနှံ စိုက်ပျိုးရာသီ ရောက်တော့မည်ဖြစ်ရာ ကရင်ပြည်နယ်အတွင်းရှိ တောင်သူများ၏ သီးနှံများကို အဓိက ဖျက်ဆီးတတ်သော ရွှေခရုနှင့် ကြွက်အန္တရာယ် ကြိုတင်ကာကွယ်နိုင်နင်းခြင်း နည်းလမ်းများအား စိုက်ပျိုးပညာပေးဝန်ထမ်းများ ပိုမိုသိရှိလေ့လာနိုင်ကြရန်၊ နည်းပညာပေး လုပ်ငန်းများတွင် တောင်သူများလက်တွေ့ ကျင့်သုံးနိုင်သည်အထိ ရိုးရှင်းထိရောက်စွာ ရှင်းလင်းပြသ ပေးနိုင်ရန် သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ က ပို့ချ ဆွေးနွေး သွားမည်ဖြစ်ကြောင်း၊ သင်တန်းတွင် သီးနှံကာကွယ်ရေးဌာနခွဲ၊ ကြွက်ကာကွယ်နှိမ်နင်းရေးဌာနစု(ရန်ကုန်ရုံးချုပ်)မှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းမြင့် ၊ သီးနှံကာကွယ်ရေးဌာနခွဲ (နေပြည်တော်ရုံးချုပ်)မှ ဒု-ဦးစီးမှူး ဒေါက်တာ ညိုမီထွေး ၊ သီးနှံကာကွယ်ရေးဌာနခွဲ ပိုးမွှားဗေဒဌာနစု(ရန်ကုန်ရုံးချုပ်) မှ ဒေါက်တာ မို့မို့အေး နှင့် IFDC မှ ရွှေခရုပညာရှင် ဦးအောင်ကိုဝင်း တို့က ရွှေခရုနှင့်ကြွက်ကာကွယ်နှိမ်နင်းခြင်း နည်းပညာများ ကို ပို့ချပေးမည်ဖြစ်ပြီး အပြန်အလှန်မေးမြန်းဆွေးနွေးမှုများဖြင့် မေလ ၂၄ ရက်မှ ၂၅ ရက်ထိ ၂ရက်ကြာ သင်တန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။